ဦးဇခုန်တိန့်ယိန်းကို ရွေးကောက် ပွဲကော်မရှင် ခေါ်ယူသတိပေးမည်
2015.09.26

ထာဝရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ (၁) နယ်မြေအတွင်းမှာ နိုင်ငံရေး ပါတီတွေကို မဲဆွယ်စည်းရုံးခွင့် ပိတ်ပင်တားမြစ်တာနဲ့ပတ်သက်ပြီး ဦးစခုန်တိန့်ယိန်းကို ကချင်ပြည် နယ် ရွေးကောက်ပွဲကော်မရှင်က လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံမှာ ဖြစ်ပါတယ်။
တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆွယ်စည်းရုံးခွင့် ရှိတယ်ဆိုတဲ့ အကြောင်း ဦးဇခုန်တိန့်ယိန်းကို ခေါ်ယူအသိပေးမှာဖြစ်တယ်လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက RFA ကို ပြောပါတယ်။
"ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောလာတယ်၊ ဦးဇခုန်တိန့်ယိန်းကို ခေါ်ယူပြီးအသိပေးပါ ၊ ရွေးကောက်ပွဲ စည်းရုံးရေးနဲ့ပတ်သက်တဲ့ ညွှန်ကြားချက် အဲ့ဒါကို ရှင်းလင်းအသိပေးပါလို့ အဲ့ဒါခေါ်ပြီး အသိပေးတဲ့သဘော ၂၉ ရက်နေ့ ပြည်နယ်ရုံးမှာခေါ်ပြီး တွေ့မယ်၊ ဒီကအဓိက ဥက္ကဌရယ်၊ ဥပဒေ အရာရှိတွေရယ် ပြီးတော့ ပါတီအားလုံးရှေ့မှောက် သက်သေတွေရှေ့မှာ ကျနော်ကအားလုံးကိုအသိပေးမယ်၊ မည်သည့်ပါတီမဆို ကျနော် လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပြောပြမှာပေါ့၊ တစ်ပြည်လုံးအတွက်ကို သူကမှတ်ပုံ တင်ထားတာရှိလို့ရှိရင် နိုင်ငံတော်အစိုးရ အုပ်ချုပ်သည့်နေရာ မည်သည့်နေရာမဆို ဟောပြောပိုင်ခွင့်ရှိတယ်"
ကချင်ပြည်နယ်အထူးဒေသ (၁) နယ်မြေဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲက ရွာတချို့၊ ချီဖွေနဲ့ ဆော့လော် မြို့နယ်အတွင်း က ရွာတွေမှာ မဲဆွယ်စည်းရုံးမလုပ်ဖို့ ဦးဇခုန်တိန့်ယိန်း လက်မှတ်ရေးထိုးပြီး အသိပေးထားတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဲ့ဒီဒေသဘက်တွေမှာ မဲဆွယ်စည်းရုံးရေးသွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လော်ဝေါ် အမျိုးသားစည်းလုံး ညီညွှတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို သူ့နယ်မြေထဲမှာ မဲဆွယ်စည်းရုံးတာမလုပ်ဖို့ အဲ့ဒီပါတီတွေက ကိုယ်စားလှယ်လောင်းတွေထံ အကြောင်းကြားစာ ပေးခဲ့တာလို့ သိရပါတယ်။
ပန်ဝါမြို့အခြေစိုက် ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဇခုန် တိန့်ယိန်းဟာ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သလို လာမယ့် ရွေးကောက်ပွဲမှာလည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်သုံးခုအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။
အဲ့ဒီမဲဆန္ဒနယ်မြေမှာ ဦးဇခုန်တိန့်ယိန်းအပြင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ စုစုပေါင်း ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။