မြန်မာကို အရေးယူမှု သက်တမ်းတိုးရေး အမေရိကန်အထက်လွှတ်တော်မှာ အဆိုတင်
2011.05.27

မြန်မာ့အရေး တက်ကြွတဲ့ အမေရိကန်လွှတ်တော် ရီပါဘလီကန် ခေါင်းဆောင် ကင်တပ်ကီပြည်နယ် အထက် လွှတ်တော်အမတ် Mitch McConnell နဲ့ ကာလီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Dianne Feinstein တို့က ဒီဥပဒေကို နောက်ထပ် သက်တမ်း တိုးမြှင့်နိုင်ဖို့ မူကြမ်းကို လွှတ်တော်မှာ မနေ့က တင်သွင်း လိုက်တာပါ။
မြန်မာနိုင်ငံအခြေအနေဟာ လေ့လာသူတချို့က သုံးသပ်သလို ရွေးကောက်ပွဲ ကျင်းပခဲ့တာ၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာတာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားတာ စတဲ့ အချက်တွေကို ကြည့်ပြီး မနှစ်ကထက် ပိုပြီးတိုးတက်မှု ရှိတယ်ဆိုပြီး အပေါ်ယံ ကြည့်လို့မရဘူးလို့ အထက်လွှတ်တော်အမတ် Mitch McConnell က ပြောပါတယ်။
နိုင်ငံတကာ ပိတ်ဆို့ပြစ်ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားအောင် တိုးတက်မှုရှိသယောင် ဟန်ပြ လုပ်ဆောင်နေတဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ မျက်စိလည် မသွားသင့်ကြောင်း၊ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ မလုပ်ဆောင်သေးသရွေ့ မြန်မာအစိုးရကို ပိတ်ဆို့ ပြစ်ဒဏ်ခတ်ထားသင့်ကြောင်း၊ ဒါ့ကြောင့် ရောင်းရင်း လွှတ်တော်အမတ်တွေအနေနဲ့ မနှစ်ကလိုပဲ ပြစ်ဒဏ်ခတ် သက်တမ်းတိုးရေး ဥပဒေမူကြမ်းကို တခဲနက် ထောက်ခံအတည်ပြုဖို့ မစ္စတာ McConnell ပြောသွားပါတယ်။
ဒါ့ပြင် မနှစ်က ရွေးကောက်ပွဲဟာ လွတ်လပ်မှု တရားမျှတမှုမရှိခဲ့ကြောင်း၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုပြီး စစ်တပ်က အစိုးရအဖွဲ့ကို ချုပ်ကိုင်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုဟာ သတင်းကောင်းဖြစ်ပေမဲ့ ဘယ်လောက်ထိ လွတ်လပ်ခွင့် ရှိတယ်ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေသေးကြောင်း၊ မြန်မာအစိုးရဟာ မြောက်ကိုရီးယား စစ်ရေးအရ တိုးချဲ့ဆက်ဆံ လာတာဟာ အထူးစိုးရိမ်စရာ ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Mitch McConnell ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။