ကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာ့အရေး အလေးပေးပြောမည်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony J. Blinken) ဟာ လာမယ့်သီတင်းပတ် အတွင်း အရှေ့တောင်အာရှကို ခရီးထွက်ပြီး ရောက်ရှိရာ နိုင်ငံတိုင်းမှာ မြန်မာနိုင်ငံက ဆိုးသထက်ဆိုးလာ နေတဲ့ အခြေအနေတွေကို ပြောဆိုဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီခရီးစဉ်ဟာ တရုတ်ကိုရင်ဆိုင်နေတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ အရှေ့တောင်အာရှအတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာကိုပြသဖို့နဲ့၊ တနေ့တခြား ပိုမိုဆိုးဝါးလာနေတဲ့ စစ်အုပ်ချုပ်မှုအောက်က မြန်မာနိုင်ငံ ရေးရာတွေကို ဆွေးနွေးဖို့ အဓိကဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပြင် နိုင်ငံ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူ ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ အမေရိကန်က အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
မစ္စတာဘလင်ကန်ရဲ့အရှေ့တောင်အာရှခရီးစဉ်မှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပြီး တရုတ်နိုင်ငံအရေးနဲ့ ပတ်သက်လို့ ပိုမိုခိုင်မာလာတဲ့ အမေရိကန်ရဲ့မူဝါဒတွေကို အဓိကထား ဆွေးနွေး သွားမှာပါ။
အင်ဒိုနီးရှားနိုင်ငံမှာ အင်ဒို-ပစိဖိတ်ဒေသရဲ့ အရေးပါမှုအကြောင်းနဲ့၊ မလေးရှားမှာတော့ အရှေ့တောင်အာရှ ဒေသတွင်းမှာ လွတ်လပ်ပွင်လင်းမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ကိစ္စကို ပြောဆိုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။