ငဝန်မြစ်အတွင်း မော်တော်တိုက်မှု ၂၀ ဦး သေဆုံးပြီး ၉ ဦး ပျောက် ဆုံးနေ


2017.04.08
dr-winmyataye-boat-sink-620.jpeg လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ငဝန်မြစ်အတွင်း မော်တော်နစ်မြုပ်ရာမှာ အသက်ရှင်ကျန်ရစ်သူတွေကို ထောက်ပံ့ငွေတွေ ဧပြီလ ၈ ရက်နေ့က ပေးအပ်စဉ်
Photo: Prof Win Myat Aye

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးက ငဝန်မြစ်ထဲမှာ မနေ့ညက မော်တော်တစ်စီးနဲ့ ကျောက်တင်စက်လှေတို့ တိုက်မိရာ လူအယောက် ၂၀ သေဆုံးပြီး ၉ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပုသိမ်မြစ်ကမ်းကအပြန် လူတွေတင်ဆောင်လာတဲ့ မော်တော်က ရေစုန်ကိုမောင်းလာတဲ့ ကျောက်တင်စက်လှေကို မတွေ့ဘဲ ဖြတ်မောင်းရာမှာ တိုက်မိပြီး နစ်မြုပ်ကုန်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

"ပုသိမ်ဆိပ်ကမ်းကနေ ပြန်အထွက် မြစ်ထဲကနေဖြတ်မောင်းသွားတဲ့ ကျောက်စက်လှေကြီးကို မောင်းတဲ့သူက အမှတ်တမဲ့နဲ့ ပေါ့ဆပြီး မတွေ့ဘဲနဲ့ မြစ်ကိုဖြတ်ကူးလိုက်တယ်၊ မောင်းလာတဲ့ ကျောက်စက်လှေကြီးက လည်း ရေစုန်မောင်းလာတာဆိုတော့ မထိန်းနိုင်ဘဲ မလွတ်ဘဲနဲ့ ဖြတ်ကူးတဲ့ မင်္ဂလာဆောင်ကအပြန် စက်လှေကိုဝင်တိုက်ပြီးတော့ အဲဒီလှေပေါ်မှာ လိုက်ပါလာတဲ့သူတွေ နစ်မြုပ်ကုန်တာပါ"

အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း အယောက် ၂၀ ရဲ့ ရုပ်အလောင်းကို တွေ့ရှိထားပြီး ၃၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

မော်တော်ပေါ်မှာ လူဦးရေ ၆၀ လောက် ပါရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး လိုက်ပါလာသူ စာရင်းအတိအကျကို စုံစမ်းနေဆဲဖြစ်ပါတယ်။

အဲဒီမော်တော်ဟာ ငပုတောမြို့နယ် ရခိုင်ကုန်းကျေးရွာကနေ ပုသိမ်မြို့က မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ပြီး အပြန်မှာ ကျောက်တင်စက်လှေနဲ့ တိုက်မိတာဖြစ်ပါတယ်။

မနေ့ည အခင်းဖြစ်ချိန်ကစပြီး ပုသိမ်မြို့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေပြီး အသက်ရှင်ကျန်ရစ်သူတွေကို ပုသိမ်ပြည်သူ့ဆေးရံုံကြီးမှာ  ဆေးကုသပေးနေပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အသက်ရှင်ကျန်ရစ် သူတွေကို ထောက်ပံ့ငွေ ကျပ် ၅ သောင်းစီနဲ့ သေဆုံးသူတွေအတွက် တစ်ဦးကို ၃ သိန်းစီ ဒီနေ့ ထောက်ပံ့ပေးခဲ့ ပါတယ်။  မော်တော်မောင်းနှင်သူဟာ လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး မော်တော်မောင်းနှင်သူ နဲ့ ကျောက်တင်စက်လှေ မောင်းနှင်သူတို့ကို အမှုဖွင့်သွားမယ်လို့လည်း ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

မော်တော်ပေါ်လိုက်ပါလာသူတွေဟာ အသက်ကယ်အကျီတွေ ဝတ်ဆင်ထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။