အင်းစိန်ထောင်အနီး တစ်မနက်တည်း ဗုံးလေးကြိမ်ပေါက်
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့နဲ့ အနီးတစ်ဝိုက်မှာ ဩဂုတ်လ ၂၂ ရက် ဒီနေ့မနက် အစောပိုင်းမှာပဲ ဗုံးပေါက်ကွဲမှု လေးကြိမ်ဖြစ်ခဲ့တယ်လို့ အင်းစိန်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်း ၃ နာရီဝန်းကျင်မှာ အင်းစိန်ထောင်ရှေ့မှာ နှစ်ကြိမ်နဲ့ ထောင်အနီးက ပေါက်တော၀လမ်းဆုံမှာ နှစ်ကြိမ် ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အင်းစိန်ထောင် အပေါက်ဝနားမှာက တစ်လုံးတည်းမဟုတ်ဘူး။ နှစ်လုံးတောင်။ အသံက အကျယ်ကြီးပဲ။ သိပ်မကြာဘူး ပေါက်တောဝနားက အသံအကျယ်ကြီး နှစ်ကြိမ်ထပ်ကြားရတယ်။ သူလည်း ရှေ့ဆင့်နောက်ဆင့် ပေါက်တာပဲ"
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ပေါက်တောဝလမ်းဆုံက ယာဉ်ထိန်း ရဲကင်းအနီး မှာလည်း ဗုံးပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
အင်းစိန်ထောင် အနီးတစ်ဝိုက်မှာ မကြာခဏဆိုသလို ဗုံးကွဲမှုတွေဖြစ်တာကြောင့် အကြောင်းကိစ္စရှိလို့ အပြင်ထွက်ရင် အသွားအလာကို သတိထားသွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
ဩဂုတ်လ ၂၁ ရက် မနေ့ကလည်း ရန်ကုန်တိုင်းထဲက အရှေ့ဒဂုံ၊ သာကေတ၊ လှိုင်သာယာနဲ့ အလုံမြို့နယ်တွေအပါအဝင် မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ က ပြောဆိုကြပါတယ်။