ဆရာတော် ဦးဥတ္တရကို ဗြိတိန်က ဥပဒေကြောင်းအရ ကူညီမည်
2014.06.18

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အင်္ဂလန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဥပဒေကြောင်း အရ ခုခံနိုင်ဖို့ အကူအညီပေးသွားမယ်လို့ ဗြိတိသျှသံရုံး တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
ဆရာတော် ဦးဥတ္တရဟာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူထားတာကြောင့် ဗြိတိသျှသံရုံးက အခုလို ကူညီလုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှသံရုံး ပြောခွင့်ရသူ Mr Joe Fisher က ပြောပါတယ်။
"ကျနော်တို့ ဗြိတိသျှသံရုံးအနေနဲ့ အကူအညီတွေပေး ဖို့ ဆောင်ရွက်နေပါတယ်၊ အာဏာပိုင်တွေအနေနဲ့ ဦးဥတ္တရအတွက် လိုအပ်တဲ့ ရှေ့နေတွေ တွေ့ဖို့အတွက် ကျနော်တို့ပြောထားပါတယ်"
ဆရာတော် ဦးဥတ္တရကို ဗြိတိသျှသံရုံးက အရာရှိနှစ်ဦးက မနေ့က အင်းစိန်အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဇွန်လ ၁၀ ရက်နေ့ညက ရန်ကုန်၊ တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိသုခကျောင်းတိုက်ကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၊ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနတို့က ချိပ်ပိတ်ပြီး အဲဒီကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၁၉ ပါးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
အဲ့ဒီနောက် ၁၅ပါးကို ပြန်လွှတ်လိုက်ပြီး ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို တာမွေမြို့နယ် တရားရုံးမှာ ဇွန်လ ၁၃ ရက်နေ့က ရုံးထုတ်ကာ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။
အဲဒီသံဃာတော်တွေကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပြီး လာမယ့် ဇွန်လ၂၀ရက်နေ့ တာမွေ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။
ဆရာတော် ဦးဥတ္တရဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ သာသနာ့ရံသီကျောင်းတိုက်မှာ သတင်းသုံးနေထိုင်တာဖြစ်ပြီး ပီနန်ဆရာတော်ကြီး ဦးပညာဝံသရဲ့ တပည့်သံဃာတစ်ပါးဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ပြောရေးဆိုခွင့်ရှိသူ Joseph Fisher ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးထားပါတယ်။