မြန်မာ့ဒီမိုကရေစီရေး ဆက်ကြိုးစားဖို့ လိုသေးကြောင်း ဗြိတိန်အစိုးရ ပြောဆို


2013.04.15

မြန်မာအစိုးရသစ်ဟာ ၂ဝ၁၁ ခုနှစ်ကစပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ရာမှာ တောက်ပြောင်ထင်ရှားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရလာဒ်တွေ တွေ့မြင်ရသလို၊ တချိန်တည်းမှာလည်း နိုင်ငံရေး၊ ဘာသာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေလည်း တွေ့မြင်နေရဆဲဖြစ်တယ်လို့ ဗြိတိန်အစိုးရက မနေ့ကပြောဆိုပါတယ်။

ဗြိတိန်အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ဧပြီလ ၁၅ ရက် တနင်္လာနေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အစီရင်ခံစာမှာ မြန်မာနိုင်ငံအနေနဲ့ ကဏ္ဍတချို့မှာ အောင်မြင်မှုတွေ ရရှိနေသလို၊ အားစိုက်ကြိုးပမ်းရဦးမယ့် နယ်ပယ်တွေလည်း အများအပြားရှိနေသေးတယ်လို့ ဖေါ်ပြထားပါတယ်။

၂ဝ၁၂ ခုနှစ် သြဂုတ်လမှာ စာပေစိစစ်ရေးနဲ့ ဆင်ဆာအဖွဲ့ မရှိတော့ပေမယ့် သတင်းမီဒီယာသမားတွေ ကိုယ့်ဘာသာကိုယ် ဆင်ဆာလုပ်ကြရအောင် စေ့ဆော်ဖန်တီးပေးတဲ့ တခြားပုံစံတွေ၊ နည်းလမ်းတွေ ရှိနေသေးကြောင်း၊ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရလာပြီး၊ ၂ဝ၁၂ ခုနှစ်အတွင်း ဆန္ဒပြပွဲတွေ အများအပြား ပေါ်ပေါက်လာခဲ့လို့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်အခြေအနေ တိုးတက်လာတယ်ဆိုနိုင်ပေမယ့် တစ်ဖက်မှာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံ ဖြေရှင်းနည်းတွေက စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒါ့ပြင် နိုင်ငံရေးအကျဉ်းသား ၂ဝဝ လောက် ထောင်တွေထဲမှာ ရှိနေသေးကြောင်း၊ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေး အားကောင်းမောင်းသန် ဖြစ်လာစေချင်ပေမယ့်၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ထမ်းလောကမှာ ကျင့်သုံးနိုင်စွမ်းမရှိပဲဖြစ်နေကြောင်း၊ ဗြိတိန်အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေး၊ လွှတ်တော်ရေးရာစတဲ့ နယ်ပယ်တွေမှာ လိုအပ်တဲ့ကျွမ်းကျင်မှုတွေ ရရှိလာအောင်ကူညီခဲ့ပြီး ဆက်လက်ကူညီသွားမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေ၊ ဘာသာရေးအကြမ်းဖက်မှုတွေမှာ ဘာသာရေး အဆောက်အအုံတွေကို စနစ်တကျဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေအတွက် အထူးစိုးရိမ်ကြောင်း ဗြိတိန်အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။