BRT ယာဉ်မောင်းတွေ ယာဉ်လုပ်သား အခွင့်အရေး တောင်းဆို
2016.11.15

အများပြည်သူ ရုံးပိတ်ရက်တွေအတွက် လုပ်အားခနှစ်ဆရရှိရေးနဲ့ အလုပ်ချိန် ၈နာရီထက်ကျော်ရင် အချိန် ပိုကြေးပေးဖို့ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် BRT ယာဉ်လိုင်းက ယာဉ်မောင်းတွေဟာ BRT Lite ယာဉ်လိုင်း ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ YBPC ထံ တင်ပြတောင်းဆိုထားပါတယ်။
အများပြည်သူရုံးပိတ်ရက်မှာ လုပ်ခနှစ်ဆပေးဖို့နဲ့ အခြားတောင်းဆိုချက် ၅ ချက်ကို တောင်းဆိုထားတယ်လို့ BRT Lite ယာဉ်မောင်း ကိုကျော်ဇင်ရွှေ က ပြောပါတယ်။
မနေ့က တန်ဆောင်မုန်းလပြည့်နေ့ အများပြည်သူရုံးပိတ်ရက်မှာတော့ ယာဉ်အားလုံးပြေးဆွဲမှုကို ရပ်နား ပြီး တောင်းဆိုခဲ့ကြပါတယ်။ လာမယ့် နိုဝင်ဘာလ ၁၈ရက်နေ့ နောက်ဆုံးထားပြီး တောင်းဆိုမှုတွေကို ညှိနှိုင်းပေးဖို့နဲ့ ပျက်ကွက်မယ်ဆိုရင် ယာဉ်ပြေးဆွဲမှုတွေ ရပ်နားပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ်လို့လည်း ယာဉ်မောင်း ကိုကျော်ဇင်ရွှေ က ပြောပါတယ်။
"နားရင်သူက နှစ်ဆဖြတ်တယ်၊ နေမကောင်းဖြစ်လို့နားရင် နှစ်ဆဖြတ်တယ်၊ ကျတော်တို့က Holiday ကျရင် မောင်းပေးရမှာလေ ပြီးတော့ ကျတော်တို့က ဘယ်နှစ်ဆရမှာလည်း ကျတော်တို့က ကုမ္ပဏီ ဝန်ထမ်းဖြစ်တဲ့အတွက် သူက အချိန် ၈ နာရီသတ်မှတ်ထားတယ်၊ ၈ နာရီကျော်သွားရင် ကျတော်တို့က OD ဆိုတာဖြစ်သွားပြီလေ OD ကြေးဆိုရင် တစ်နာရီကိုဘယ်လောက် အဲဒါတွေအတွက် မပေးနိုင် ဘူး၊ နောက်ပြီး ကျတော်တို့ ကားမတော်တဆတိုက်လိုက်ရင် ကျတော်တို့က ဖြစ်သွားရင် ကိုယ့်ဟာ ကိုလျော်၊ ကျတော်တို့က အာမခံနဲ့ မဆိုင်ဘူးလို့ သူကပြောထားတယ်၊ ကျတော်တို့က မရှိလို့လာမောင်း သူတွေက မလျော်နိုင်ဘူးပေါ့၊ မလျော်နိုင်ရင် သူတို့က လစာထဲကဖြတ် ဘာဖြတ်ညာဖြတ်ဆို ဖြတ် တာပေါ့"
ယာဉ်လုပ်သားတွေရဲ့ ခံစားခွင့်နဲ့ပတ်သက်ပြီး စာချုပ်ပါအချက်တွေအတိုင်း ပေးထားတာ ဖြစ်တယ်လို့ BRT Lite ယာဉ်လိုင်း ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ YBPC ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်အောင် က ပြောပါတယ်။
"ကျတော်တို့ စာချုပ်ထဲမှာကတော့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်သလိုပဲလေ တစ်ပတ်ကိုတစ်ရက် ပေး ထားတယ်၊ ကျန်တဲ့ဟာကတော့ တစ်နေ့ ၈ နာရီမောင်းပြီးလို့ ၈ နာရီထက်ပိုရင် သူ့ကို ကျတော်တို့က အချိန်ပို လုပ်ခပေးတယ်တာမျိုးကို သူတို့ကို စာချုပ်ချုပ်ထားပြီးသား၊ အခုအခါကျမှ ရက်ကြီးအခါကြီးမှာ လုပ်တယ်ဆိုပြီးတော့ နှစ်ဆပေးဖို့အတွက်ကတော့ မဖြစ်နိုင်ဘူးထင်တယ်၊ ဒါမျိုးပြန်ညှိပေးမယ်လေ၊ သူတို့လည်း ကျေနပ်အောင်ပေါ့နော်၊ ကျတော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းကတော့ သြင်္ကန်ကိုတော့ ကျတော်တို့ ပေးနားပါတယ်၊ ကျန်တဲ့ရက်ကတော့ ကျတော်တို့ရဲ့ အများပြည်သူသွားလာရေးဖြစ် တဲ့အတွက် နားလို့မှမရတာ"
ယာဉ်လုပ်သားတွေဘက်က စာချုပ်မှာ လက်မှတ်မထိုးပေးရင် လစာမရမှာစိုးတဲ့အတွက် လက်မှတ်ထိုးပေးလိုက် ရတယ်လို့ လုပ်သားတွေက ပြောပါတယ်။
ယာဉ်လုပ်သားတွေကို ပြေးဆွဲတဲ့ ယာဉ်အကြိမ်အရေအတွက်နဲ့ လုပ်အားခ ရှင်းတာမဟုတ်ဘဲ တစ်လကို လစာအဖြစ် လုပ်သားတစ်ဦးကို ကျပ် ၄ သိန်းခွဲဝန်းကျင် ပေးတာဖြစ်ပါတယ်။ တခြားခံစားခွင့်တွေအနေနဲ့ တစ်ပတ်မှာ အလုပ်နားရက် တစ်ရက်ရရှိပြီး နေ့စဉ် နေ့လည်စာ ကျွေးတယ်လို့ သိရပါတယ်။
BRT ယာဉ်လိုင်းတွေကို နေ့စဉ် ယာဉ်အစီးရေ ၆၅ စီးနဲ့ အမှတ် ၁၊ ၂၊ ၃ ဆိုပြီး လိုင်းခွဲ ပြေးဆွဲပေးနေတာ ဖြစ် ပါတယ်။ BRT ယာဉ်လိုင်းမှာ ယာဉ်အကူမပါရှိဘဲ ယာဉ်မောင်းတစ်ဦးတည်းသာပါဝင်ပြီး ငွေပေးကဒ်စနစ် နဲ့ ဖြစ်ပါတယ်။ BRT Lite ယာဉ်လိုင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့မှာ ပြေးဆွဲပေးနေ တာဖြစ်ပြီး ယာဉ်စီးခ တစ်ဦးကို ကျပ် ၃၀၀ ပေးရပါတယ်။