လုပ်ခလစာ အပြည့်အဝရရှိဖို့ BRT ယာဉ်မောင်းတွေ ကုမ္ပဏီနဲ့ ညှိနှိုင်း


2017.01.02
brt-bus-620.jpg ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ BRT ယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ရန်ကုန်မြို့ပေါ် ပြေးဆွဲခဲ့တဲ့ BRT Lite ယာဉ်လိုင်း က ယာဉ်မောင်းတွေဟာ ရန်ကုန်ဘတ်စ်ကား အများနဲ့သက်ဆိုင် တဲ့ ကုမ္ပဏီ YBPC ကနေ လုပ်ခ လစာငွေကျပ် ၃ သိန်းအပြည့်အဝရရှိဖို့အတွက် မင်္ဂလာဒုံမြို့နယ် အလုပ်သမား အငြင်းပွားမှုဆိုင်ရာ ညှိနှိုင်းစစ်ဆေးရေးအဖွဲ့က တာဝန်ရှိသူတွေ၊ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ဒီနေ့ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့ဘူးလို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ယာဉ်မောင်းတွေ တောင်းဆိုတာတွေကို လာရောက်ညှိနှိုင်းတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေက ဆုံးဖြတ်ချက်ချပေးနိုင်ခြင်း မရှိသေးဘဲ ထပ်မံညှိနှိုင်းသွားဖို့ပဲ သဘောတူခဲ့ကြတယ်လို့ BRT Lite ယာဉ်လိုင်းက ယာဉ်မောင်း ကိုအောင်ဇော် ထက် က ပြောပါတယ်။

"ကျနော်တို့ ယာဉ်မောင်းတွေကိုယ်စား ကိုယ်စားလှယ် ၆ ဦးက ဒီကုမ္ပဏီက လူကြီးတွေနဲ့ အလုပ်သမားဝန်ကြီး ဌာန လူကြီးတွေရှေ့မှာ ကျနော်တို့ အခြေခံလစာ ၃ သိန်း၊ အလုပ်ချိန် ၈ နာရီထက်ကျော်တဲ့ဟာကို အချိန်ပို (OT) ၊ ပြီးရင် ထမင်းတနပ်ကြေးဆိုတဲ့ စနစ်ကိုပေးဖို့အတွက်ကို ယာဉ်မောင်းတွေဘက်ကနေ တောင်းဆိုတယ်ဗျ၊ ကျနော်တို့ရဲ့ တင်ပြတောင်းဆိုချက်တွေကို BRT ကို တင်ပြပေးပြီးတော့ BRT ကနေပြီးတော့ ခွင့်ပြုချက်ရတယ်၊ မရဘူးကို ကျနော်တို့ နောက်ထက် ၅ ရက်နေ့ ရုံးချိန်းတစ်ချိန်း ထပ်ချိန်းလိုက်ပါတယ်။"

အဲဒီယာဉ်လိုင်းက ယာဉ်မောင်းတွေဟာ တစ်လ လစာငွေကျပ် ၃သိန်း ရရှိရမှာဖြစ်ပြီး လက်ရှိမှာ ကုမ္ပဏီဘက်က လစာပေးတဲ့အခါ တစ်လကို ၂၆ ရက် အလုပ်ချိန်ပြည့်မှသာ ၂ သိန်း ၆ သောင်းပေးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်ပျက်ရက်တွေရှိလာရင်လည်း တစ်ရက်ကို လစာထဲက ငွေ ၁ သောင်းကျပ် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး ရန်ကုန်မြို့မှာ BRT ယာဉ်လိုင်းတွေကို နေ့စဉ် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ကနေ ပြည်လမ်းမကြီးအတိုင်း လှည်းတန်း၊ ဆူးလေ၊ ဗိုလ်တထောင်အထိ အမှတ် ၁၊ ၂၊ ၃ ဆိုပြီး လိုင်းခွဲပြေး ဆွဲပေးနေတာ ဖြစ်ပါတယ်။

အဲဒီယာဉ်လိုင်းမှာ ယာဉ်အစီးရေ ၆၅ စီးရှိပြီး ပုံမှန်ပြေးဆွဲနေတဲ့ အစီးရေ ၅၀ ကျော်နဲ့ ဝန်ထမ်းဦးရေ ၇၀ ကျော် ရှိပါတယ်။

အဲ့ဒီယာဉ်လိုင်းဟာ စပယ်ယာမပါဘဲ ယာဉ်မောင်းတစ်ဦးတည်းသာပါဝင်ပြီး ယာဉ်လိုင်းအားလုံး တစ်ဦးကို ယာဉ်စီးခ ငွေ ၃၀၀ ကျပ် သတ်မှတ်ထားပြီး ငွေပေးကဒ်စနစ်နဲ့ ပေးချရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။