ဘရူနိုင်းမှာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်ပြော
2025.02.19

ဘရူနိုင်း ဘုရင့်နန်းတော်မှာ ဘရူနိုင်းဘုရင် ဟာဆင်နယ် ဘိုကီးရား၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီ ဘရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း မလေးရှားသတင်း The Sun က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဖော်ပြပါတယ်။
မလေးရှားဝန်ကြီးချုပ်က သူရဲ့လူမှုကွန်ရက်စာမျက်နှာ (Facebook) မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က မြန်မာ့အရေး ဆွေးနွေးတဲ့အကြောင်း ရေးသားထားတဲ့အပေါ် ပြန်လည် ကိုးကားဖော်ပြထားတာပါ။
မြန်မာ့အရေးဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ လမ်းကြောင်းက အကောင်းဆုံး ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့အပေါ် ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်သင့်ကြောင်း ရှုမြင်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူကုန်ကူးမှုနဲ့ ဒုစရိုက်ဂိုဏ်းတွေ ကြီးစိုးလာတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကြောင့် စိုးရိမ်စရာ အခြေအနေ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
အခုလိုတွေ့ဆုံရာမှာ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အရေးနဲ့ အာဆီယံဒေသတွင်း ကုန်သွယ်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။