မြန်မာနဲ့ ကုန်သွယ်မှု မတိုးမြှင့်သေးဖို့ နိုင်ငံတကာ လစ်ဘရယ်ညီလာခံ ဆုံးဖြတ်

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတဲ့အတွက် နိုင်ငံတကာ အနေနဲ့ကုန်သွယ်မှု ဆက်ဆံရေးတွေ တိုးမြှင့် လုပ်ဆောင်ဖို့အချိန် မတန်သေးကြောင်း ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ လစ်ဘရယ်ပါတီများ ညီလာခံမှာ မနေ့က တညီတညွတ်တည်း သဘောထား ပေးခဲ့ကြပါတယ်။

2011.06.18
liberal-international-305-z ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၆ ရက်မှ ၂ဝ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ‘လူ့အခွင့်အရေးနှင့် ကုန်သွယ်ရေး’ ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ၅၇ ကြိမ်မြောက် နိုင်ငံတကာ လစ်ဘရယ်ပါတီများ ညီလာခံ ပိုစတာပုံ ဖြစ်ပါသည်။ (www.cald.org)
www.cald.org

ဒီညီလာခံကို ဇွန်လ ၁၆ ရက်ကနေ ၂ဝ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တကမ္ဘာလုံးက လစ်ဘရယ်ပါတီ ၆၄ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ‘လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးနေကြတာပါ။

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေး ကာလကို သွားနေပြီလား ဆိုတဲ့ မနေ့က ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ညီလာခံ တက်ရောက်နေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ ကိုယ်စားလှယ် ဦးညိုအုန်းမြင့်က

“ဗမာပြည်မှာ စီးပွားရေး ရင်းနှီးမြုပ်နံှမှုတွေ ထင်သာမြင်သာ မရှိတာတို့၊ ဥပဒေမဲ့ ဖြစ်နေတဲ့ ပြဿနာတွေ အပေါ်မှာ ပြန်ပြီးတော့ သုံးသပ်ဖို့ လိုပါတယ်။ ဗမာပြည်မှာ ရင်းနှီးမြုပ်နှံမှုတွေ လုံးဝ မလုပ်ဘူးဆိုတဲ့ အနေအထားမျိုး ကျနောတို့ ခေါင်းမာပြီး ငြင်းနေတာ မဟုတ်ပါဘူး။ ပြည်သူတွေ အလုပ်သမားတွေ တကယ် အကျိုးရှိရမယ် ဆိုတဲ့ ရှုထောင့်ကနေ ကျနော်တို့ ချဉ်းကပ်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗမာပြည်မှာ လုပ်ချင်တယ်ဆိုရင် ဒီမိုကရေစီနဲ့ ပွင့်လင်းမှုနဲ့ Rule of Law ရှိဖို့ အဓိက လိုအပ်တယ်ဆိုတဟာ နိုင်ငံတိုင်းက လက်ခံနိုင်တဲ့ အချက်လို့ ထင်ပါတယ်”

ငါးရက်ကြာ ကျင်းပနေတဲ့ နိုင်ငံတကာ လစ်ဘရယ်ညီလာခံကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က အတွင်းရေးမှူး ဦးမောင်မောင်၊ ဦးမိုးဇော်ဦးနဲ့ ဦးညိုအုန်းမြင့်တို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးကျော်တို့ တက်ရောက်နေပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံက လက်ရှိ အာဏာရ လစ်ဘရယ်ပါတီ အထွေထွေ အတွင်းရေးမှူး Joseph Emilio Abaya နဲ့ တွေ့ဆုံပြီး မြန်မာ့ ဒီမိုကရေစီရေးမှာ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ ပိုမို ပါဝင် ကူညီနိုင်ရေး အတွက် ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

လစ်ဘရယ်ညီလာခံ အကြောင်းကို အာအက်ဖ်အေ ဦးဝင်းနိုင်က ဦးညိုအုန်းမြင့်နဲ့ ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။