ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ

RFA Burmese
2024.06.08
ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။
Thai Police

ထိုင်းနိုင်ငံ phare (ဖယ့်) ခရိုင် အဝေးပြေးကားလမ်းမပေါ်မှာ စာရွက်စာတမ်း အထောက်ထားမပါတဲ့ မြန်မာနိုင်ငံသား ၁၀၄ ဦး ဇွန်လ ၆ ရက်နေ့မှာ ထိုင်းရဲက ဖမ်းဆီးလိုက်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) က ပြောပါတယ်။

ထိုင်း မြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်ကတစ်ဆင့် ဘန်ကောက်ကို ဦးတည်ပြီး ခရီးသည်ကားလေးစီးနဲ့ လိုက်ပါလာတဲ့ အထောက်ထားမဲ့ မြန်မာ ၁၀၄ ဦးကို ထိုင်း အမြန်လမ်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်မှုထမ်း ဥပဒေကြောင့် ထိုင်းမှာ အဖမ်းအဆီးများပေမဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့တာ ဖြစ်တယ်လို့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

“ဖမ်းဆီးပြီး သူတို့ကို စကားပြန်ကတစ်ဆင့် မေးမြန်းတော့ ထိုင်းမှာ အဖမ်းအဆီးများတာ သူတို့ သိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်မှုထမ်း ဥပဒေကြောင့် တကယ်လို့ စစ်မှုထမ်းခဲ့ရမယ်ဆိုရင် သေရမဲ့ အတူတူ ပွဲစားကို ပိုက်ဆံ ဘတ်တစ်သောင်းခွဲ ပေးပြီးတော့ အခုလို ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကို ရွေးချယ်လာခဲ့တာလို့ သူတို့ ထွက်ဆိုပါတယ်”

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာ ၁၀၄ ဦးကို ထိုင်းဥပဒေအရ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ လူကုန်ကူးမှု အမှုနှစ်မှုနဲ့ တရားစွဲဆိုထားပြီး အမှုနှစ်ပေါင်း အနည်းဆုံး ထောင်ဒဏ် ငါးလ ကျခံရနိုင်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

အထောက်ထားမဲ့ မြန်မာတွေကို ပြစ်ဒဏ်ကျခံရပြီးနောက် မြန်မာပြည်ကို နယ်စပ်ကတစ်ဆင့် ပြန်လည်ပို့ဆောင်ပေးတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်း ဥပဒေကြေညာပြီးနောက် ထိုင်းနိုင်ငံထဲကို နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ပိုများလာပြီး ၂၀၂၄ ခုနှစ် နှစ်စကတည်းက ဇွန်လ ၈ ရက်နေ့အတွင်း အထောက်ထားမဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား လေးထောင်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။