စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးရေးအဆို ရှုံးနိမ့်


2016.08.15
pyithu-hluttaw-620.jpg ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပနေစဉ်
Photo: MOI

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုတင်သွင်းတဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ သက်တမ်းမတိုး သင့်တော့ကြောင်း ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

"ဒီနေ့ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီဖြစ်ပါတယ်၊ ပိတ်ဆို့အရေးယူစဉ် က ဖော်ပြခဲ့တဲ့အကြောင်းအရာများလည်း မရှိတော့ပါဘူး၊ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် ဆက်လက်ပိတ်ဆို့နေခြင်းဟာ မြန်မာ့ဒီမိုကရေစီ ပဒေသာပင်ကို လှဲသတ်နေသ လိုဖြစ်ပါတယ်၊ ယခုလိုစီးပွားရေးအရ သက်တမ်းတစ်နှစ်တိုးမြှင့် ဒဏ်ခတ်ပိတ်ဆို့မှုအား ရုပ်သိမ်းပေးနိုင်ရေး ကို နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်ပေးပါရန်အတွက် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်မှ တဆင့် တင်သွင်းအပ်ပါတယ်"

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်မယ် ဆိုရင် နိုင်ငံတော်အတွက် စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း အဆိုကို ထောက်ခံတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်ပြခဲ့ပါတယ်။

လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ အဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့် လွှတ်တော်ဥက္ကဌ က မေးမြန်းရာ ကန့်ကွက်သူရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ခဲ့စဉ်မှာ ကန့်ကွက်မဲ ၂၀၀ ကျော် ထောက်ခံမဲ ၁၅၀ ကျော်သာ ရရှိတဲ့အတွက် အဆိုရှုံးနိမ့်သွားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ကစပြီး စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ပြန်လည်ဖြေလျှော့ပေးတာတွေ ရှိခဲ့ပြီး လက်ရှိမှာ အရင် စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေကိုသာ ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တချို့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့မှုသက်တမ်း ၁ နှစ် တိုးတာတွေ လုပ်ဆောင်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။