ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်


2018.01.01
by-election-2017-622.jpg ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနေသူကို တွေ့ရစဉ်
Photo: RFA

လက်ရှိအစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှာ  ထပ်မံကျင်းပပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့် က ဒီနေ့ ပြောပါတယ်။

လက်ရှိမှာ လစ်လပ်မဲဆန္ဒနယ် ၇ ခု ရှိနေပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က ပြင်ဆင်ဆောင်ရွက်နေတယ်လု့ိ ဦးလှတင့်က ပြောပါတယ်။

"ကြားဖြတ်ကတော့ လုပ်မယ်။ လုပ်လည်းလုပ်ဖြစ်တယ်။ လုပ်မယ်။ လုပ်မယ်ဆိုပေမယ့် အချိန်က နည်းနည်း စောင့်ရမှာပေါ့နော်။ ကော်ခွဲတွေ အသစ်တွေပြန်ဖွဲ့နေတာပေါ့ဗျာ။ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ေကျး ရပ်ကျေး အဲအထိ ကျနော်တို့ ဖွဲ့နေတာပေါ့။ တော်တော်များများလည်း ဖွဲ့လို့ပြီးပါပြီ"

လစ်လပ်မဲဆန္ဒနယ် ၇ ခုမှာ ပြည်သူ့လွှတ်တော် ၂ နေရာနဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်နေရာ ၅ ခုတို့ ဖြစ်ပြီး ချင်းပြည်နယ်က မတူပီ၊ ပလက်ဝ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တမူး၊ မန္တလေးတိုင်းဒေသကြီး အတွင်းက မတ္တရာ၊ ပဲခူးတိုင်းဒေသကြီးက တစ်နေရာနဲ့ ရခိုင်ပြည်နယ်က ရသေ့တောင် မဲဆန္ဒနယ်တို့ ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ၃ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ရေး စီစဉ်ဆောင်ရွက်နေပေမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ဦးစွာကျင်းပပြီးမှ ဥပဒေ ၃ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရေး ဆက်လုပ်သွားမယ်လို့ ဦးလှတင့်က ပြောပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။