ကမ္ဘောဒီးယားသံရုံးအနီး ပေါက်ကွဲမှုရှိခဲ့ပေမယ့် ဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ် မပျက်

2022.01.03
ကမ္ဘောဒီးယားသံရုံးအနီး ပေါက်ကွဲမှုရှိခဲ့ပေမယ့် ဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ် မပျက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ၂ဝ၁၉ ခုနှစ်က ဖနွမ်းပင်မြို့တွင် တွေ့ရစဉ်။
Photo: Reuters

ရန်ကုန်မြို့မှာရှိတဲ့ ကမ္ဘောဒီးယားသံရုံးအနီးမှာ ဒီဇင်ဘာလ ၃၁ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းဌာနတွေကို ပြောခဲ့တဲ့အကြောင်း ခမာတိုင်းစ် သတင်းမှာ ဇန်နဝါရီလ ၁ရက်နေ့က ဖော်ပြပါတယ်။

အဲဒီပေါက်ကွဲမှုတွေကြောင့် ထိခိုက်ပျက်စီးတဲ့အကြောင်း တင်ပြတာတွေတော့ မရှိဘူးလို့ ဆိုပါတယ်။ IED ဖောက်ခွဲရေးပစ္စည်းကို ဗုံးအဖြစ် အသုံးပြုခဲ့တာလို့ မြန်မာအာဏာပိုင်တွေက အတည်ပြုပြီး ကမ္ဘောဒီယားသံရုံးနဲ့ သံအရာရှိတွေရဲ့ လုံခြုံရေးကိုလည်း မြန်မာအာဏာပိုင်တွေဘက်က တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။

သောကြာနေ့ မနက် ၁ဝနာရီနဲ့ ၁ဝနာရီခွဲကြားမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုတစ်ခုက ကမ္ဘောဒီးယားသံရုံးရဲ့ ပေသုံးရာကျော်အကွာမှာနဲ့ နောက်တခုက သံရုံးရဲ့ ပေငါးရာလောက်မှာ ပေါက်ကွဲခဲ့တာပါ။

အခုလာမယ့် သောကြာနေ့မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံကို လာဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ကမ္ဘောဒီးယားသံရုံးနားမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် ဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်က အပြောင်းအလဲ မရှိနိုင်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာ ပြောခွင့်ရ Koy Kuong က သတင်းဌာနတွေကို ပြောပါတယ်။

မြန်မာစစ်ကောင်စီရဲ့ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၇ရက်ကနေ ၈ရက်အထိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို လာဖို့ စီစဉ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။