ကပ်ဘေးကြောင့်အပစ်ရပ်ချင်ပေမယ့် ရခိုင်မှာတော့ လက်တွေ့မဖြစ်နိုင်လို့ တပ်မတော်ပြောကြား


2020.09.26
rakhine-army-622.jpg ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တွေ့ရစဉ်
Photo: RFA

ကပ်ရောဂါဖြစ်ပွားနေတဲ့ လက်ရှိကာလမျိုးမှာ တပ်မတော်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာသင့်တယ်လို့ ဝေဖန်ကြပေမယ့် ရခိုင်ပြည်နယ်မှာ AA အဖွဲ့က တိုက်ခိုက်နေတာရှိတဲ့အတွက် လက်တွေ့ အကောင်အထည်ဖော်လို့ မရဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အင်တာနက်အွန်လိုင်းကနေ ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးရဲ့ မေးခွန်းကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖြေကြားခဲ့တာပါ။

ကပ်ဘေးကာလအတွင်း ရခိုင်မှာ တပ်မတော်က ထိုးစစ်ဆင်မှုတွေနဲ့ တိုက်ပွဲတွေကို လျှော့ချဖို့  နိုင်ငံတကာအဖွဲ့ အစည်းတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေတာနဲ့ ပတ်သက်လို့ RFA သတင်းဌာနက မေးမြန်းရာမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေမရှိပဲ AA အဖွဲ့က စစ်ရေယာဉ်တွေကို ချောင်းမြောင်းပစ်ခတ်တဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေရှိပြီး ခုခံကာကွယ်တဲ့အနေနဲ့ ပြန်လည်ပစ်ခတ်တာတွေ ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ သြဂုတ်လ လယ်လောက်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန်ဖြစ်ပွားခဲ့ရာ အခုဆိုရင် ရန်ကုန်နဲ့ ပြည်နယ်တိုင်း လေးခုတို့မှာ ကူစက်နှုန်းတွေ မြင့်တက်နေပါတယ်။

ဒီလိုအချိန်မျိုးမှာ ရသေ့တောင်မြို့နယ်ထဲ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး စစ်တွေမြို့အပါအဝင် တခြားဒေသတွေကို ထွက်ပြေးရတာတွေရှိပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ မေယုမြစ်မှာရှိတဲ့ တပ်မတော်ဇက်ရေယာဉ်က လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ရွာထဲကို လက်နက်ကြီးကျည်ကျပြီး ရွာသားတွေသေဆုံးတာ၊ ဒဏ်ရာရတာတွေရှိလို့ ကြောက်လန့်ပြီး ထွက်ပြေးလာရတာဖြစ်တယ်လို့ ပြောကြပါတယ်။

နိုင်ငံတကာ ရာဇဝတ်ဆိုင်ရာတရားရုံး ICC မှာ တပ်မတော်သား နှစ်ယောက်ကို  သက်သေအဖြစ်နဲ့ တင်ပြလာရင် တပ်မတော်ဘက်က ဘယ်လိုပြင်ဆင်ထားလဲလို့ မေးမြန်းရာမှာ အဲဒီတပ်သား နှစ်ဦး ICC ကို ရောက်တယ်၊ မရောက်ဘူးဆိုတဲ့အပေါ် အမျိုးမျိုး ပြောနေကြသလို၊ အစိုးရနဲ့ တပ်မတော်အနေနဲ့ ICC ကို အသိအမှတ် မပြုဘူးဆိုတာ တရားဝင်ပြောထားပြီးဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို စိန်ခေါ်တာ၊ အချုပ်အခြာအာဏာကို စော်ကားတဲ့သဘောမျိုး ဖြစ်နေတဲ့ အတွက် အစိုးရကို ပြန်လွှဲပြောင်းပေးသင့်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အစိုးရက ဖွဲ့ စည်းထားတဲ့ လွတ်လပ်သော စုံစမ်းရေးကော်မရှင် (ICOE) ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း စုံစမ်းစစ်ဆေးနေပြီး၊ သက်သေအထောက်အထားတွေရှိရင် ပေးပို့နိုင်မယ့် အီးမေးလ်နဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပေးထားတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။