လယ်သမားအရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရ
2013.07.19
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ပုဒ်မ ၃၀၄ က လူသေမှု ၊ ပုဒ်မ ၄၁ ဆေးကောင်စီအက်ဥပဒေ၊ ပုဒ်မ ၃၃ ယစ်မျိုးဥပဒေ အမှုသုံးမှုနဲ့ ဒီကနေ့ ဖားကန့်မြို့နယ် ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။
အဲ့ဒီအမှုသုံးမှုဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက ကာမိုင်းရဲစခန်းနဲ့ ဒေါ်ကိုင်ထန်ဆိုသူတို့ တရားလိုလုပ်စွဲဆိုကြေအေးခဲ့ပြီး အခုမှ ပြန်လည်တရားစွဲတာလို့ ဖားကန့်မြို့ကို လိုက်ပါသွားတဲ့ NDFပါတီရဲ့ အတွင်းရေးမှူး ဦးမြတ်မိုးမြင့်က လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး RFA ကိုပြောပါတယ်။
ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် နေအိမ်ကနေ မနေ့က ညနေပိုင်းမှာ မြစ်ကြီးနားမြို့အမှတ်၂ ရဲစခန်းက မြို့နယ်ရဲတပ်ဖွဲ့ရုံးကို လာရောက်ခေါ်ဆောင်သွားပြီး ဖားကန့်မြို့နယ်ရဲစခန်းကို ဝရမ်းမပါဘဲပို့ဆောင်လိုက်တာလို့ NDF ပါတီဝင်တွေကဆိုပါတယ်။
သူ့ရဲ့တာဝန်က ဒေါ်ဘောက်ဂျာကို မြို့နယ်တရားရုံးကို ပို့ဆောင်ပေးဖို့ဖြစ်ပြီး နောက်ပိုင်းကိစ္စတွေကိုတော့ အသေးစိတ်မသိဘူးလို့ မနေ့က ဒေါ်ဘောက်ဂျာကို သွားရောက်ခေါ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ မြစ်ကြီးနားမြို့အမှတ် ၂ ရဲစခန်းမှူး ဦးရဲလွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက ကားမိုင်းမြို့နယ်ခွဲ ဖားကန့်မြို့နယ်ထဲမှာ အမှုသုံးမှုနဲ့ ပတ်သက်ပြီး အမှုရင်ဆိုင်ဖို့ရှိတဲ့အတွက် ဒေါ်ဘောက်ဂျာကို အခုလိုခေါ်ဆောင်ရတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ရုံးအသိုင်းအဝိုင်းက ဆိုပါတယ်။
အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ဒေါ်ဘောက်ဂျာဟာ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေဆုံးရှုံးနစ်နာမှုတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးသူအဖြစ် လူသိများသူတစ်ဦးဖြစ်ပါတယ်။