ရိုဟင်ဂျာလို့ သုံးစွဲခြင်းမပြုဖို့ ပုပ်ရဟန်းမင်းကြီးကို ချားလ်စ်ဘို တိုက်တွန်း
2017.11.09
မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် Cardinal Charles Maung Bo ကာဒီနယ်လ် ချားလ်စ် မောင်ဘို က ပုပ်ရဟန်းမင်းကြီး Francis ဖရန့်စစ်ကို မြန်မာနိုင်ငံ ကြွရောက်နေစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ခေါ်ဝေါ်သုံးစွဲခြင်း မပြုဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
နိုဝင်္ဘာ ၂၆ ရက်ကနေ ၃ဝ ရက်နေ့အထိ မြန်မာပြည်မှာ နေထိုင်မယ့်ကာလအတွင်း ပုပ်ရဟန်းမင်းကြီးဟာ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေကို နှုတ်ခွန်းဆက်တွေ့ဆုံမှာဖြစ်သလို နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော် တို့ကို တွေ့ဆုံပါလိမ့်မယ်။
အဲဒီ တွေ့ဆုံပွဲတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်လူနည်းစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာပြည်ကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။