ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးမှု စစ်ကိုင်းမှာ စစ်ဆေး
2015.04.18
မန္တလေးက တတိယနှစ် တက္ကသိုလ်ကျောင်းသူ မလှိုင်နှင်းဦးနဲ့ သူ့မိခင်ကို စစ်ကိုင်းမြို့မှာ ရဲတပ်ဖွဲ့ဝင်နဲ့ အရပ်ဝတ်တချို့က အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးခဲ့မှုနဲ့ ပတ်သက်ပြီး စနေနေ့က စစ်ကိုင်းမြို့မှာ ရဲခုံရုံးနဲ့ စစ်ဆေးခဲ့ကြောင်းသိရပါတယ်။
မလှိုင်နှင်းဦးရဲ့ ဖခင်ဖြစ်သူ ဦးသောင်းညွန့်ဦးက သူ့သမီးနဲ့ ဇနီးကို ဖမ်းဆီးစဉ်ကဖြစ်ရပ်တွေအကြောင်း သက်ဆိုင်ရာက တစ်ဦးချင်း အသေးစိပ် မေးမြန်းစစ်ဆေးခဲ့တယ်လို့ RFA ကိုပြောပါတယ်။ မနေ့က စစ်ဆေးတဲ့ရဲတွေဟာ သူတို့မိသားစုဝင်တွေကို ၁၁ ရက်နေ့က ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ရဲတွေနဲ့ ဆက်ဆံပုံခြင်း ကွာခြားလှကြောင်းနဲ့ အပြစ်ရှိတဲ့ရဲတွေကို အရေးယူမယ်လို့ ရဲအရာရှိတွေက ပြောဆိုရှင်းပြကြောင်းလည်း ဦးသောင်းညွန့်ဦးကပြောပါတယ်။
မလှိုင်နှင်းဦးဟာ သူ့မိခင်နဲ့အတူ ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းမြို့ကဈေးထဲကို သူတို့မိသားစု ထုတ်လုပ်ရောင်း ချတဲ့ မုန့်တွေသွားရောက်ပို့ဆောင်စဉ်မှာ ဒေသခံရဲတချို့နဲ့ အမည်မသိ အရပ်ဝတ်တချို့က ရိုက်နှက်ဖမ်းခေါ်သွား တာဖြစ်ပါတယ်။ အဲ့ဒီအချိန်က ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကိုလည်း ရဲတွေက ခါးပိုက်နှိုက်ဖြစ်လို့ဖမ်းတယ်ဆို ပြီး အော်ဟစ်ပြောဆိုသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ရဲစခန်းရောက်ပြီးနောက်မှာ သူတို့လူမှားဖမ်းဆီးမိတယ်ဆိုပြီး ရဲတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မလှိုင်နှင်းဦးတို့က အခုလို ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးခံရ တာကို အရေးယူပေးဖို့ တိုင်တန်းခဲ့တာကို အခု သက်ဆိုင်ရာက စစ်ဆေးတာဖြစ်ပါတယ်။
မနေ့က ရဲခုံရုံးနဲ့စစ်ဆေးခဲ့တဲ့အကြောင်း ဖခင်ဦးသောင်းညွန့်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။