Chevron ကုမ္ပဏီရဲ့ မြန်မာနိုင်ငံတွင်း စွမ်းအင်လုပ်ငန်းများ ရောင်းချမည်


2016.04.18

အမေရိကန်အခြေစိုက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်တဲ့ ရှက်ဗရွန် Chevron က မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်ရထားတဲ့ စွမ်းအင် လုပ်ကွက်တွေနဲ့ လုပ်ငန်းအားလုံးကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနဲ့ ရောင်းချဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

ကမ္ဘာ့ရေနံနဲ့ ဓါတ်ငွေ့ ဈေးနှုန်းတွေ ကာလကြာရှည်ကျဆင်းနေခဲ့တာကြောင့် အခုလို မြန်မာနိုင်ငံက လုပ်ငန်းတွေ ကို ရောင်းချဖို့ စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း နှစ်ဆယ်လောက် လုပ်ကိုင်ခဲ့တဲ့ ရှက်ဗရွန်ကုမ္ပဏီဟာ မုတ္တမပင်လယ်ကွေ့မှာ ပြင်သစ် တိုတယ်ကုမ္ပဏီက လုပ်ကိုင်နေတဲ့ ရတနာနဲ့ စိန် သဘာဝဓါတ်ငွေ့ လုပ်ကွက်တွေရဲ့ ၂၈.၃ ရာခိုင် နှုန်းကို ပိုင်ဆိုင် ပါတယ်။ အဲဒီက ဓါတ်ငွေ့တွေကို ပိုက်လိုင်းကတဆင့်ထိုင်းနိုင်ငံကို တစ်ရက် ဓာတ်ငွေ့ ကုဗပေ ၁၁၇ သန်း နေ့စဉ် တင်ပို့ရောင်းချ နေတာဖြစ်ပြီး၊ တချို့ကို မြန်မာနိုင်ငံတွင်းကို ပို့ပါတယ်။

ဒါ့ပြင် ရခိုင်ကမ်းလွန် ပင်လယ်ပြင်က A-5 လုပ်ကွက်ကိုလည်း လုပ်ကိုင်ခွင့် ရထားပါတယ်။ ဒါ့ပြင် ရှက်ဗရွန်ဟာ အာရှတိုက်မှာ လုပ်ကိုင်နေတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်တွေကို ဒေါ်လာ ၃ ဘီလျံနဲ့ ရောင်းချဖို့ စီစဉ်နေပြီး၊ ဝယ်လက်ကို ရှာဖွေနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝန်းက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။