ရွေးကောက်ပွဲဝင် ချင်းအမျိုးသားပါတီလည်း စီးပွားရေးလုပ်မည်
2011.01.07

ချင်းပြည်နယ် ဟားခါးမြို့တော်မှာ ကျင်းပနေဆဲ ဖြစ်တဲ့ CNP ပါတီညီလာခံကနေ ခရီးသွား လုပ်ငန်း လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ချင်းအမျိုးသားပါတီ CNP ရဲ့ ဥက္ကဋ္ဌ ပူးဇိုဇံ က RFA ကို ပြောပါတယ် ။
“ဒီမနက်ပဲ ကျွန်တော်တို့က စီးပွားရေးလုပ်ဖို့ ကျွန်တော်တို့က သဘောတူကြပါတယ်။ အဲဒါ meeting မှာ အကြာကြီး ဆွေးနွေးတဲ့ ကိစ္စပါ။ ဒါပေမဲ့ လောလောဆယ် လုပ်ဖို့ ကျွန်တော်တို့ ကော်မတီ ဖွဲ့ထားပါတယ်။ လေ့လာပြီးတော့ research လုပ်ခိုင်းမလို့၊ ပြီးလို့ရှိရင် ကျွန်တော်တို့ ပီပီပြင်ပြင် စလုပ်လို့ ရလိမ့်မယ် ထင်ပါတယ်။”
“ပါတီရန်ပုံငွေအတွက်ပဲပေါ့။ ပါတီ ရန်ပုံငွေ ရှာရတာ စီးပွားရေး လုပ်မှပဲ ကျွန်တော်တို့က ရန်ပုံငွေ ရမှာကိုး။ အဓိက ကျွန်တော်တို့ဆီမှာ ဖြစ်နိုင်တာက eco-tourism လုပ်ငန်းကို လုပ်ဖို့ ကျွန်တော်တို့ စိတ်ဝင်စားတယ် ပါတီအနေနဲ့ ကျွန်တော်တို့ ချင်းတောင်ဒေသမှာ ခရီးသွားလုပ်ငန်းပေါ့ဗျာ။”
“တခြားနိုင်ငံမှာ နိုင်ငံရေးလုပ်တယ်ဆိုတာ သူဌေးတွေ လုပ်တာပါ။ သူဌေးတွေက သူတို့က နိုင်ငံရေးပါတီ ထောင်တယ်ဗျာ။ ဒီမှာ နိုင်ငံရေး လုပ်နေတယ်ဆိုတာ စိတ်ဓာတ်လေးပဲ ရှိတယ်။ တော်တော်လေးကို ကျွန်တော်က စဉ်းစားပြီးမှ လုပ်ရမဲ့ ကိစ္စတွေပါ။”
ချင်းအမျိုးသားပါတီ CNP ညီလာခံကို မနေ့က စတင်ခဲ့ပြီး ဒီကနေ့ ညပိုင်းမှာ ပြီးဆုံးဖို့ မျှော့်လင့်ရတယ်လို့လည်း ပူးဇိုဇံက ပြောပါတယ်။
ချင်းပြည်နယ်ကနေ မနှစ် ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နောက်ထပ် ချင်းတိုင်းရင်းသားပါတီတခု ဖြစ်တဲ့ ချင်းပြည်နယ် တိုးတက်ရေးပါတီ (CPP) ပါတီကလည်း သူတို့ ပါတီအနေနဲ့ စီးပွားရေးလုပ်ဖို့ စီစဉ်ထားပြီး ဒီလအတွင်း ကျင်းပနိုင်မယ်လို့ မျှော်လင့်ရတဲ့ ပါတီညီလာခံမှာ အတည်ပြုနိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။
အလားတူ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ရှမ်းကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တို့ကလည်း ပါတီရန်ပုံငွေအတွက် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်သွားမယ်လို့ ထုတ်ပြန် ကြေညာထားကြပါတယ်။