တရုတ်အစိုးရဖိအားကြောင့် လက်မှတ်မထိုးရ တာဖြစ်ကြောင်း ပြောဆိုချက် KIO ငြင်းဆို
2015.10.09
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ရေးထိုးခြင်းမပြုတာဟာ နောက်ကွယ်က တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်ဖြစ်တယ်လု့ိ မြန်မာငြိမ်းချမ်းရေးစင်တာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးရဲ့ပြောဆိုချက်ကို KIO အဖွဲ့က ငြင်းဆိုလိုက်ပါတယ်။
ဒေါက်တာမင်းဇာ်ဦးက အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးတဲ့ အဖွဲ့ကြီးနှစ်ဖွဲ့ဟာ တရုတ်အစိုးရရဲ့ လွှမ်းမိုး မူကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဓိကအားဖြင့် NCA လက်မှတ်ရေးထိုးရေးမှာ ကိုးကန့်အဖွဲ့ပါဝင်ရေးနဲ့ လက်မှတ်ရေးထိုးပွဲမှာ အနောက်နိုင်ငံများမပါဝင်ရေးကို အဓိကထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက် လို့ ဒေါက်တာမင်းဇော်ဦးက အခုလိုပြောပါတယ်။
"ကျနော်တို့ကြားတာကတော့ နယ်စပ်မှာရှိတဲ့အဖွဲ့အစည်းက ၃ ဖွဲ့လောက်ပေါ့နော်၊ အဖွဲ့ကြီးတွေကို တရုတ်အော်ဖစ်ရှာက လာပြီးတော့တွေ့တယ်လို့ပြောတယ်၊ အဲ့နောက်ပိုင်းမှာ အဲ့ဒါနဲ့ မရှေ့မနှောင်းပဲ ပြီးတာနဲ့ UWSA က ဆုံးဖြတ်ချက်ထွက်လာတယ်ပေါ့နော်၊ အဲ့ဒီအစိတ်အပိုင်းထဲမှာ ရေးထားတာကတော့ ဒီအနောက်နိုင်ငံတွေ စာချုပ်ထဲမပါဖို့ ကတိပေးထားတယ်၊ အီးယူတို့ ဂျပန်တို့ ပါမယ့်အတွက်ကြောင့်မို့လို့ ဒါကတိဖောက်မယ့်ပုံစံမျိုးပါမယ့်ပုံစံမျိုး ရေးထားတာရှိတယ်"
ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့မြစ်ကြီးနားမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးဒေါင်းခါးက ငြင်းဆိုပါတယ်။
"တရုတ်က မထိုးဖို့ကို ဖိအားပေးနေတာမဟုတ်ဘူး၊ ထိုးဖို့ကို ဖိအားပေးနေတာသူက တရုတ်နဲ့ ကချင်ပြည်နယ် နယ်စပ်ပေါ့နော် နယ်စပ်ဒေသတလျှောက်လုံးမှာ ဒေသတည်ငြိမ်ရေးကို အစိုးရဘက်က နှစ်ဘက်သော အစိုးရ ဘက်က ပြောဆိုသောအပိုင်းရှိသလို တရုတ်အစိုးရကလည်း အဲ့ဒီနယ်ခြားဒေသတွေမှာ တည်ငြိမ်ရေးကို အမြန်ဆုံးဖြစ်စေဖို့အတွက် ကေအိုင်အိုကို အမြန်ဆုံးလက်မှတ်ထိုးဖို့ ဖိအားပေးတဲ့အပိုင်းတွေရှိပါတယ်၊ ကျနော်တို့က ထိုးမယ်ဆိုတဲ့အနေအထားမှာ အကျိုးအကြောင်းဆီလျော်တဲ့ အနေအထားတစ်ခုကိုလိုချင်တယ်၊ အားလုံးပါဝင်ဖို့ လိုချင်တယ်"
KIO အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အားလုံးပါဝင်ရေးမူပေါ်မှာ အခြေခံပြီးဆုံးဖြတ်ခဲ့ တာဖြစ်တယ် လို့ ဆိုပါတယ်။ KIO အဖွဲ့ဟာ လတ်တလော NCA လက်မှတ်ရေးထိုးခြင်းမပြုပေမယ့် NCA စာချုပ်အပေါ်မှာ သဘောတူလက်ခံပြီးဖြစ်တာကြောင့် အစိုးရအနေနဲ့ အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူကို သဘောတူ လက်ခံချိန်မှာ NCA ကို လက်မှတ်ရေးထိုးဖို့ အသင့်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ဒေါက်တာမင်းဇော်ဦးကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဦးဒေါင်းခါးကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။