တရုတ် မြန်မာ ပိုမို ပူးပေါင်းရေး ပေကျင်းမြို့မှာ ဆွေးနွေး
2015.09.04

တရုတ်သမ္မတ ရှီကျင့်ဖျင့်က သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကတွေ့ဆုံရာမှာ မြန်မာပြည်နဲ့ တရုတ်ပြည်အကြား ပူးတွဲစီမံကိန်းတွေကို တိုးချဲ့ဆောင်ရွက်လိုပါကြောင်း နဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် နယ်စပ်ဒေသ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေး ဆိုင်ရာကဏ္ဍတွေကိုလည်း မြှင့်တင်လိုပါကြောင်း ပြောကြားလိုက် ပါတယ်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အနှစ် ၇ဝ မြောက်အခမ်းအနား တက်ရောက်ခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ပေဂျင်းမြို့မှာ မနေ့က လက်ခံတွေ့ဆုံစဉ် တရုတ် သမ္မတ က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာပြည်အနေနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်မြင့်မားရေး အပါအဝင် လက်တွေ့အကျိုးရှိမယ့်လုပ်ငန်းတွေကို တရုတ်ပြည်နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အာသီသ ရှိပါကြောင်း ပြန်ပြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်သမ္မတက မြန်မာပြည်နဲ့ တရုတ်ပြည်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ရင်းနှီးပေးဆပ်မှု ကြီးမားစွာနဲ့ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံတွေဖြစ်တယ်လို့ ဂုဏ်ပြုပြောကြားခဲ့ကြောင်းလည်း တရုတ် အစိုးရပိုင် ဆင်ဝှာ သတင်းမှာ ဖေါ်ပြထားပါတယ်။