တရုတ်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေ နယ်စပ်လုံခြုံရေး တွေ့ဆုံဆွေးနွေး
2023.12.06

တရုတ်-မြန်မာ နယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီဇင်ဘာ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးအပြင် အွန်လိုင်းလိမ်လည်မှုတွေ အမြစ်ပြတ်တိုက်ဖျက်သွားရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ရှစ်ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ဖို့ ရောက်နေတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးပြင်ပမှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးပြန်ရပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်ရန်မျှော်လင့်ကြောင်း ဝမ်ယိ က ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနဲ့ ပိုးလမ်းမ စီမံကိန်းအောက်က ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်းဖောက်လုပ်ရေး အပါအဝင် စီမံကိန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုတွေကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဆောင်ရွက်သွားဖို့ စတာတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာအပေါ် အစဉ်လေးစားကြောင်းနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာတွေ လုပ်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ တရုတ်နိုင်နဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို နေ့စဉ် တရုတ်နိုင်ငံကို လွှဲပြောင်းပေးနေကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ နေ့စဉ်ပြောဆိုနေပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့က ဒီဇင်ဘာ ၆ ရက်နေ့အထိ တရားမဝင် ဝင်လာတဲ့ တရုတ်နိုင်ငံသား တစ်သောင်းတစ်ထောင်ကျော် (၁၁၂၆၀ ဦး) ကို လွှဲပြောင်းပေးထားတယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာလည်း မြန်မာရေတပ်နဲ့ တရုတ်ရေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။