မြန်မာက တရုတ်စီမံကိန်းတွေ ကာကွယ်ပေးဖို့ ဝမ်ယိပြော

RFA Burmese
2024.08.16
မြန်မာက တရုတ်စီမံကိန်းတွေ ကာကွယ်ပေးဖို့ ဝမ်ယိပြော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်ရှိ သံတမန်ဧည့်ခန်းဆောင်တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံစဉ်။
Myanmar Military

မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ တရုတ်ဝန်ထမ်းတွေနဲ့ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ခေါင်းဆောင်တို့ သဘောတူညီမှုရခဲ့တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဩဂုတ် ၁၆ ရက်နေ့ကကျင်းပတဲ့ (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထိုင်းသတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအရေး ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမတိုင်ခင် မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံရာမှာ တောင်းဆိုခဲ့ပြီး သဘောတူညီမှုရခဲ့တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တိုက်ပွဲတွေရပ်ပြီး တည်ငြိမ်မှုရဖို့၊ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့၊ ပြင်ပနိုင်ငံတွေက ဝင်ရောက် စွက်ဖက်တာကိုကန့်ကွက်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း၊ အာဆီယံမှာ မြန်မာနိုင်ငံမပါလို့ မဖြစ်ကြောင်း၊ အာဆီယံရဲ့ မြန်မာနဲ့ဆိုင်တဲ့ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ဆောင်ဖို့ နဲ့ မြန်မာ့အရေးကို အာဆီယံအနေနဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ဝမ်ယိ ရဲ့ ဒီတစ်ခေါက် မြန်မာနိုင်ငံခရီးစဥ်မှာ စစ်ခေါင်းဆောင်အပြင် အာဏာရှင်ဟောင်း ဦးသန်းရွှေအပြင် စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့လည်းတွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ်ကို ပြန့်ပွားအောင် လုပ်ဆောင်တာ၊ ပြည်တွင်းရေးကို မစွက်ဖက်တဲ့ အခြေခံမူကျင့်သုံးတာ စတာတွေ ပြောကြားခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။