ဝမ်ယိခရီးစဉ် တရုတ်အစိုးရထုတ်ပြန်ချက် စစ်ကောင်စီနဲ့ကွဲလွဲနေ

RFA Burmese
2024.08.15
ဝမ်ယိခရီးစဉ် တရုတ်အစိုးရထုတ်ပြန်ချက် စစ်ကောင်စီနဲ့ကွဲလွဲနေ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့‌ကြောင်း ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က မြန်မာစစ်တပ် သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည့်ပုံ။
MYANMAR MILITARY INFORMATION TEAM / AFP

မြန်မာအပေါ်ထားတဲ့ တရုတ်ရဲ့ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာစစ်ခေါင်းဆောင်ကို ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

၂၀၂၄ ဩဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာပါ။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဒီပြောကြားချက်နဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းမီဒီယာတွေမှာ ဖော်ပြထားတာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ EAO အဖွဲ့တွေရဲ့ မြို့ရွာတွေအပေါ် တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရုတ်က ဆန့်ကျင်ကြောင်း ပြောကြားခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောဆိုထားတဲ့အချက်ကိုလည်း တရုတ်နိုင်ငံခြားရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ လုံးဝ မတွေ့ရပါဘူး။ ဒါ့အပြင် အထွေထွေရွေးကောက်ပွဲအတွက် စစ်ကောင်စီက ပြင်ဆင်နေတဲ့အပေါ် ထောက်ခံကြောင်းဆိုတဲ့အချက်ကို ဖော်ပြထားတာလည်း မတွေ့ရပါဘူး။

အဲဒီအစား… တရုတ်အနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံရေးပြန်လည်သင့်မြတ်မှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့ကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်မှုနဲ့ စစ်ပွဲဖြစ်ပွားနေမှု၊ ပြည်ပစွက်ဖက်မှုတွေကို ဆန့်ကျင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့သာ ဖော်ပြထားပါတယ်။

ဒါ့ပြင် တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချတဲ့ ပြောဆိုလုပ်ဆောင်မှုအားလုံးကို ဆန့်ကျင်ကြောင်း ဝမ်ယိက ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီအသေးစိတ်အချက်အလက်တွေကို စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ လုံးဝ မတွေ့ရပါဘူး။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန မြန်မာစာမျက်နှာနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ကလည်း တရုတ်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ကို မြန်မာဘာသာ ပြန်ဆိုပြီး ဒီနေ့ ဖော်ပြထားပါတယ်။

အခုလို နှစ်နိုင်ငံ ထုတ်ပြန်ချက်ကွဲလွဲနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားရာမှာ လောလောဆယ်တော့ တစ်စုံတစ်ရာ အကြောင်းပြန်ကြားချက် မရရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။