တရုတ်သစ်ခိုးထုတ်သမား ၁၅၀ ကျော်ကို ပြစ်ဒဏ်ချမှတ်ပြီး ဆက်လက်ရုံးထုတ်


2015.04.23
chinese-loggers-305.jpg သစ်ခိုးထုတ်လို့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို ဧပြီလ ၂၃ ရက်နေ့က မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးအပြီး မြစ်ကြီးနား အကျဉ်းထောင်ကို လုံခြုံရေးရဲဝန်ထမ်းတွေနဲ့ ပြန်လည်ခေါ် ယူစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ ဒီနှစ် ဇန်နဝါရီလက ဖမ်းဆီးထားတဲ့ တရားမဝင်သစ် ခိုးထုတ်သူ တရုတ်နိုင်ငံသားအယောက် ၁၅၀ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အဲဒီတရုတ်နိုင်ငံသား ၁၅၀ ကျော်ကို လဝကပုဒ်မနဲ့ မနေ့က ပြစ်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီး သစ်ခိုးထုတ်မှုအတွက် အများနဲ့သက်ဆိုင်တဲ့ ပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ (အပက ၃) နဲ့ ပတ်သက်ပြီး ဒီနေ့ ဆက်လက် စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆဒုံးမြို့နယ်ခွဲစခန်းမှူး ဦးကိုကိုလွင်က RFA ကို ပြောပါတယ်။

"လဝကပုဒ်မနဲ့ ဟာကတော့ မနေ့က ပြီးသွားပြီ၊ ပြစ်ဒဏ် ၆ လ သတ်မှတ်လိုက်တယ်၊ သစ်ခိုးထုတ်မှုနဲ့ ပတ်သက်လို့ ကျနော်တို့က အမှုစွဲတင်ထားတာက အများနဲ့သက်ဆိုင်တဲ့ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးပုဒ်မနဲ့ ကျနော်တို့က တရားစွဲထားတယ်၊ အဲ့အမှုမှာပါတဲ့ သက်သေတွေကို အခုစစ်နေတာ ရုံးချိန်းနှစ်ချိန်းရှိသွားပြီ၊ အခုတော့ သစ်တောအဖွဲ့တွေကို စစ်နေကြတာ"

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ၊ ဝါးရှောင်နဲ့ မန်ဝိန်းကျေးရွာတွေမှာ တရားမဝင်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား တစ်ရာ့ငါးဆယ်ကျော်ကို အစိုးရတပ်မတော်စစ်ကြောင်းက မူးယစ်ဆေးဝါးတွေအပါအဝင် ယာဉ်စက်ယန္တရားတွေနဲ့အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

အဲဒီ တရုတ်နိုင်ငံသားတွေကို မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။