မြန်မာပြည်အလယ်ပိုင်းမှာ ရေနံံနှင့် ဓာတ်ငွေ့ကြောများ တရုတ်ကုမ္ပဏီတွေ့ရှိ
2011.01.06

(Photo: AFP)
မြန်မာနိုင်ငံ အလယ်ပိုင်း
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင် ပုလဲမြို့နယ်နဲ့
ကနီမြို့နယ်များမှာရှိတဲ့၊ တရုတ်ရေနံ နဲ့ ရေနံဓာတုကုမ္ပဏီ
SIPC က တူးဖော်နေတဲ့ အစမ်းတွင်းများကနေ သဘာဝဓာတ်ငွေ့ ကုဗပေ ဘီလျံ ၉၀၀ ကျော်နဲ့ ရေနံ
ပီပါ ၇ သန်းကျော် ရရှိနိုင်တယ်လို့ ဆိုပါတယ်။
တရုတ်ကုမ္ပဏီ အနေနဲ့ တွေ့ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့များကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ရေနံကုမ္ပဏီ SIPC ဟာ အာရှထိပ်တန်း ရေနံချက်စက်ရုံတွေ ပိုင်ဆိုင်သူဖြစ်ပြီး တရုတ်ပြည်ရဲ့ နှစ်စဉ်စီးပွားရေးတိုးတက်နှုန်း ၁၀% ကို ပြည့်မီအောင် ရေနံလိုအပ်ချက် ၅% ကနေ ၆% အထိ လာမဲ့ ၅ နှစ်အတွင်း ဖြည့်ဆည်းပေးနိုင်ဖို့ လျာထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ လာမဲ့ ၂၀၁၃ မှာ သဘာဝဓာတ်ငွေ့ အများဆုံး ဝယ်ယူတဲ့ နိုင်ငံ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ကမ်းလွန်ရေနံ လုပ်ကွက် ၂ ခုကနေ ဓာတ်ငွေ့များ ဝယ်ယူခွင့် ရရှိထားပါတယ်။ အဲဒီ ရခိုင်ကမ်းလွန်လုပ်ကွက် A-1 နဲ့ A-3 တို့ဟာ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၀ ထရီလျံအထိ ရှိနိုင်တယ်လို့ တွက်ချက်ထားတဲ့ နေရာများ ဖြစ်ပါတယ်။