ကုလအထူးကိုယ်စားလှယ် မွတ်စလင်ဒုက္ခသည်တွေနဲ့ တေ့ွ
2019.07.12

ရခိုင်ပြည်နယ်မှာ မွတ်စလင်ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တိုးတက်မလာသေးဘဲ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာသွားလာခွင့်တွေ ကန့်သတ်ခံနေရဆဲဖြစ်ကြောင်း စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ကို ဒီနေ့ တင်ပြလိုက်တယ်လို့ မွတ်စလင်ဒုက္ခသည်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်မှာရှိတဲ့ သက္ကယ်ပြင်မွတ် ဆလင်ဒုက္ခသည်စခန်းကို ဒီနေ့မနက်က လာရောက်ေလ့လာတဲ့ Christine Burgener ကိုပြောလိုက်တာဖြစ်ပြီး မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ပါ တင်ပြခဲ့တယ်လို့ မွတ်စလင်ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
Christine Burgener ကတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံတဲ့အခါမှာ ထည့်သွင်းဆွေးနွေးမယ့်အကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ အဲဒီဒုက္ခသည်တွေက ပြောပါတယ်။
Christine Burgener ဟာ ဇူလိုင်လ ၁၀ ရက်နေ့က စစ်တွေမြို့ကိုရောက်ရှိလာတာဖြစ်ပြီး ရခိုင်အမျိုးသားပါတီ(ANP)နဲ့တွေ့ဆုံခဲ့သလို မနေ့ကတော့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။
ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့တွေ့ဆုံရာမှာ စစ်ပွဲတွေကြောင့် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်မှုတွေ များလာတာ၊ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့အခက်အခဲ၊ စစ်ရေးပဋိပက္ခတွေပြေလည်ရေး စတာတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဒီနေ့မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
Christine Burgener ဟာ မနေ့က မြေပုံမြို့ကိုသွားရောက်ပြီး ၂၀၁၂ ခုနှစ်က ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ကြရတဲ့ မွတ်စလင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့သလို ရခိုင်အမျိုးသမီးအဖွဲ့တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
စစ်ရေးပဋိပက္ခအခြေအနေတွေ၊ မွတ်စလင်အရေးကိစ္စတွေကို လာရောက်လေ့လာနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဒီနေ့ ပြီးဆုံးပြီဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)