ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခန့်အပ်

2021.10.25
ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခန့်အပ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ဒေါက်တာနိုလင်းဟေဇာ။
noeleenheyzer.com

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာကို စင်ကာပူနိုင်ငံသူ မစ္စနိုလင်းဟေဇာ (Noeleen Heyzer) ကို ခန့်အပ်လိုက်တယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ၂၀၂၁ အောက်တိုဘာလ ၂၅ ရက် နယူးယောက် စံတော်ချိန် တနင်္လာနေ့ညနေပိုင်းမှာ ကြေညာလိုက်ပါတယ်။

အခုသီတင်းပတ်မှာ လုပ်ငန်းတာဝန်သက်တမ်း ကုန်ဆုံးမယ့် အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းဘာဂနာ နေရာမှာ မစ္စနိုလင်းဟေဇာကို ခန့်အပ်လိုက်တာပါ။ အသက် ၇၃ နှစ်အရွယ် မစ္စနိုလင်းဟေဇာဟာ လူမှုသိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် အကြီးအကဲအဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အတွင်းရေးမှူးချုပ်ရဲ့ တီမောနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တီမောနိုင်ငံ ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ ပါဝင်ကူညီ ‌ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

အာရှ၊ ပစိဖိတ် စီးပွားရေးနဲ့ လူမှုရေးကော်မရှင် အကြီးအကဲတာဝန် ထမ်းဆောင်ချိန်က အာဆီယံအသင်းနဲ့ အနီးကပ် ဆောင်ရွက်ခဲ့သလို၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက်ပါ အစိုးရပိုင်းနဲ့ ဆက်သွယ်ဆောင်ရွက်ဖူးသူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။