ရပ်စောက် - ကျောက်ဂူလမ်းကို စစ်တပ်က သွားလာခွင့်ပိတ်
2024.11.12

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို အဓိက ဆက်သွယ်ထားတဲ့ ရပ်စောက် (ဗထူး) - ကျောက်ဂူလမ်းပိုင်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်စောက်မြို့အထွက် ဗထူးစစ်တပ်ဂိတ်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကိုသွားမဲ့ ကားတွေအားလုံးကို ပိတ်လိုက်တာလို့ ရပ်စောက်ဒေသခံ တစ်ဦးက ပြောပါတယ်။
"ဒီမနက်ကစပြီး ဘာကားမှ သွားလို့မရတော့ဘူး။ ဗထူးတပ်ဂိတ်ကနေ ပိတ်ထားပြီဗျ။ ဘာကြောင့်ဆိုတာတော့ မသိရဘူး။ အရင်ရက်တွေ မိုးရွာတုန်းကတော့ ကားတွေအများကြီး ဗွက်နစ်ထားတာတော့ရှိတယ်။ အဲဒါပြင်ဖို့လားတော့ မသိဘူး"
အဲဒီလမ်းပေါ်မှာ သွားလာနေတဲ့ ခရီးသည်ယာဉ်မောင်းတစ်ဦးကတော့ အခုရက်ပိုင်း ရာသီဥတု ပြန်လည်ကောင်းမွန်လာတာကြောင့် လမ်းတွေ ပြန်ကောင်းနေပြီလို့ ပြောပါတယ်။
"လမ်းက နေပြန်ပူထားတော့ ကောင်းနေပါပြီ။ ကားတွေ ပုံမှန်သွားနေတာပဲ။ ဒီမနက်မှ စစ်တပ်ဘက်က ပိတ်လိုက်တာပါ။ ဘယ်နှစ်ရက်ပိတ်မယ်ဆိုတာတော့ မသိရဘူးဗျ။ လားရှိုးကနေ တောင်ကြီးဘက်ကလာတဲ့ ကားတွေတော့ ဒီမနက်အထိ ရသေးတယ်။ ရှမ်းမြောက်ဘက် အတက်ကားတွေ ပိတ်သွားပြီ"
ရပ်စောက် (ဗထူး) - ကျောက်ဂူလမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ် နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ စစ်ကောင်စီဘက်က အခုလိုလမ်းတွေ ပိတ်လိုက်တာဟာ နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီး တိုက်ပွဲတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
"စစ်တပ်က နောင်ချို တောင်ခမ်းဘက်ကို စစ်အင်အားဖြည့်ဖို့က ဒီလမ်းပဲသုံးတာများတယ်။ အခုတောင်ခမ်းဘက်မှာ တိုက်ပွဲဖြစ်နေတော့ အင်အားဖြည့်ဖို့အတွက် ပိတ်ထားလိုက်တာ ဖြစ်နိုင်တယ်။ စစ်အင်အားပို့တာ လူမမြင်စေချင်လို့ ဖြစ်နိုင်တယ်"
မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ နောင်ချိုမြို့နယ် ဂန့်ကော်ရွာဘက်ကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် အောက်တိုဘာလကတည်းက အဲဒီလမ်းပိုင်းကနေ ခရီးသည်နဲ့ ကုန်စည်သယ်ဆောင်ခွင့်ကို စစ်ကောင်တပ်က ပိတ်ထားပါတယ်။