ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်ရေးဆွဲရေးကို အခုလအတွင်း စတင်မည်


2014.08.17
1990-election-senator-305 ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲ ကျင်းပစဉ်
Photo : RFA/ Nay Myo Htun

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဦးဆောင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်ရေးဆွဲ ရေးကို အခုလအတွင်းစတင်ဆောင်ရွက်မှာဖြစ်ပြီး၊  ၆ လအ တွင်း ပြီးစီးအောင်ရေးဆွဲမယ်လို့ ၁၉၉ဝ ရွေးကောက် ပွဲအနိုင်ရ အမတ်များအဖွဲ့က RFA ကို ပြောပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအသစ်ရေးဆွဲရေး ကော်မတီကို အဖွဲ့ဝင် ၇၅ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ အဲဒီ အဖွဲ့မှာ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမတ် ၂၅ ဦး ပါဝင် မှာဖြစ်ပြီး၊ ကျန်အဖွဲ့ဝင် ၅ဝ မှာ တိုင်းရင်းသားအ ဖွဲ့တွေ၊ လူမူရေးအဖွဲ့တွေက ပုဂ္ဂိုလ်တွေ၊ အများပြည် သူလေးစားတဲ့ပုဂ္ဂိုလ်တွေနဲ့ ဥပဒေပညာရှင်တွေ ပါဝင် မယ်လို့ သိရပါတယ်။

အခုအချိန်မှာ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ပြင်ဆင်ရေး အရှိန်အဟုန် ကောင်းနေပေမဲ့ ၊ အစိုးရအနေနဲ့ လူုထုလိုလားတဲ့ ပြင်ဆင်မူတွေကို လုပ်ပေးနိုင်မယ် မထင်ဘူး လို့    ၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့် က ပြောပါတယ်။

"၄၃၆ ပြင်ဆင်ရေးရဲ့ လုပ်ပိုင်ခွင့်အားလုံးဟာ လက်ရှိအစိုးရလက်ထဲမှာပဲရှိတယ်ဗျ အဲ့ဒီတော့ဒီ ၄၃၆ ကိုပြင်ဖို့ဆိုတာကို ကျနော်တို့က လက်ရှိဒီမိုကရေစီအင်အားစုတွေလိုချင်တဲ့ အခြေအနေမျိုးအထိကို ပြင်ပေးမယ်လို့တော့ ကျနော်တို့က မယုံကြည်ပါဘူးဗျ နောက်တစ်ခုကလည်း ဒီ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ အခြေခံ မူ ၆ ချက်နဲ့ စလာကတည်းက ကျနော်တို့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ဒီဥပဒေမျိုးကိုပြန်ပြီးတော့ ရေးဆွဲချင်တာဟာ ပြည်သူ့ကို အကာအကွယ်ပေးနိုင် မယ့် ဥပဒေ ဖြစ်လာမယ်လို့ မထင်လို့ပါ"

အခုရေးဆွဲမယ့် ဖွဲ့စည်းပုံဟာ ဖက်ဒရယ်ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး ပင်လုံစာချုပ်ပါ အချက်တွေ၊ အရင်က တိုင်းရင်းသားအဖွဲ့တွေရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံနဲ့ တခြားအဖွဲ့တွေ ရေးဆွဲထားတဲ့ အချက်တွေကို အခြေခံပြီး ပြန်လည်ရေးဆွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရေးဆွဲရေးအဖွဲ့ကို အခုလအတွင်း ဖွဲ့စည်းမှာဖြစ်ပြီး၊ ၆ လအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အသစ်ကို ရေးဆွဲမှာဖြစ်ပြီး ရေးဆွဲပြီးတဲ့ ဥပဒေမူကြမ်းကို ပြည်သူကို ချပြမှာဖြစ်တယ်လို့ သိရပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေး လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရအမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။