အခြေခံဥပဒေ ပြင်ပေးဖို့ သာကေတ၊ သင်္ကန်းကျွန်းနဲ့ ပဲခူးမှာ ဆန္ဒပြတောင်းဆို


2014.03.01
pegu-protest-305.jpg ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေ ပယ်ဖျက်ပေးဖို့ ပဲခူးမြို့မှာ မတ်လ ၁ ရက်နေ့က ဒေသခံတွေ ဆန္ဒပြနေစဉ်
photo: Thiha Tun, Kyaw Htoon Naing/RFA

ရန်ကုန်တိုင်းဒေသကြီး သာကေတနဲ့ သင်္ကန်းကျွန်းမြို့နယ်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ နဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) (ဃ) တွေကို ပြင်ဆင်ပေးဖို့အတွက် ဒီနေ့ ဒေသခံပြည်သူတွေက ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ဒီနေ့ မနက်ပိုင်းက သာကေတမြို့နယ်မှာ ဒေသခံ လူအင်အား ၅၀၀ လောက်နဲ့ သာကေတမြို့နယ်က အနော်မာလမ်း၊ ဇင်္ဂမလမ်းနဲ့ မြင်တော်သာလမ်းတွေမှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်တဲ့ ဦးစန်းလွင်က ပြောပါတယ်။

'ဒီနေ့မှာတော့ ပုဒ်မ ၄၃၆ ရယ်၊ ပုဒမ ၅၉(စ)(ဃ)၊ အဲ ၂ ချက်အဓိကပါပဲ၊ အနော်မာလမ်းစုံကနေစထွက်ပြီး သာကေတမြို့နယ် အားကစားကွင်းရှေ့မှာ အဆုံးသတ်တယ်"

ဒါ့အပြင် ဒီနေ့ညနေ ၃ နာရီလောက်က ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) (ဃ) တွေကို ပြင်ဆင်ရေးအတွက် ရာနဲ့ချီတဲ့ဒေသခံတွေက သံသုမာလမ်း၊ စံပြဈေးရှေ့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီအတောအတွင်း ပဲခူးမြို့မှာလည်း၂၀၀၈ ဖွဲ့စည်းမှာပါဝင်တဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတဲ့ မကိုက်ညီတဲ့ပုဒ်မတွေ ပြင်ဆင်ပေးဖို့ သုံးထောင်ကျော်လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ပုဒ်မတွေကို ပြင်ဆင်ရာမှာ အဓိကအတားအဆီးတွေ ဖြစ်နေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းဆိုင်ရာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးသိန်းဒန် က ပြောပါတယ်။

"ကျနော်တို့က ဒီ ၅၉(စ) အပါအဝင် ကျန်တဲ့ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မညီညွှတ်တဲ့ ပုဒ်မတွေပြင်မယ်ဆိုရင် ပြင်လို့မရအောင်လို့ လုပ်ထားတယ်၊ အဲဒါကဘာလဲဆိုတော့ ပုဒ်မ ၄၃၆ အဲဒါနဲ့ ကန့်သတ်ထားတယ်၊ ပုဒ်မ ၄၃၆ ကို ကျနော်တို့ လုံးဝအလိုမရှိ၊ အဲတော့ဒါကို ပြင်ပေးဖို့တောင်းဆိုတယ်"

ဒီနေ့မနက် ၈ နာရီလောက်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်း ကမ်းနားလမ်းကနေ မြို့သစ် အဝေးပြေးယာဉ်ဝင်းဟောင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။ အဲဒီနောက် ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရက်ကွက်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

ဆန္ဒပြသူတွေက ပုဒ်မ ၄၃၆ အပြင် နိုင်ငံတော်သမ္မတ ဖြစ်ခွင့်အရည်အချင်းကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ ဃ ပြင်ဆင်ရေး ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံပြီးတဲ့နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲကို ပဲခူးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်ရှစ်မြို့နယ်က ဒေသခံတွေပါ ပူးပေါင်းခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။