စစ်တွေ-အမ်း ရထားလမ်း ရှေးဟောင်းအမွေအနှစ်ဒေသကို ရှောင်ကွင်း
2010.11.29

ရန်ကုန်-စစ်တွေ ရထားလမ်း ဖောက်လုပ်ရာမှာ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးကုန်တဲ့အတွက် ဒေသခံတွေက တိုင်ကြားရာက အခုလို လမ်းလွှဲဖောက်လုပ်ဖို့ စီမံချက် ထွက်ပေါ်လာတာ ဖြစ်ကြောင်း ရခိုင် ရှေးဟောင်း အမွေအနှစ်တွေကို လေ့လာနေတဲ့ ဒေသခံတဦးက RFA ကို ပြောပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာနကို မေတ္တာရပ်ခံစာ ပို့တဲ့အခါမှာ ယဉ်ကျေးမှုဝန်ကြီးက အဲဒီ မီးရထားလမ်းကို တားပေးဖို့အတွက် စာထုတ်ပြီး ရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးဖို့ ခိုင်းကြောင်း ပြောပါတယ်။ အဲဒီလို ကွင်းဆင်း စစ်ဆေးပြီးနောက် ရထားလမ်းကို မြောက်ဖက်ကို ရွှေ့လိုက်ကြောင်း အဲဒီ ဒေသခံက ပြောပြပါတယ်။
ဒါ့အပြင်လည်း ပြိုပျက်နေတဲ့ သဇင်တံ ဘုရား ၂ ဆူကိုလည်း ပြန်လည် ပြုပြင်ပေးဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားကြောင်းလည်း ပြောပါတယ်။
ရထားလမ်း ဖြတ်သွားတဲ့ ဇုံနယ်မြေအတွင်းမှာ နောက်ထပ် တစုံတရာ မြေကြီး မတူးရ၊ တောင်မဖြိုရ၊ နောက်တခါ ရှေးဟောင်း အဆောက်အအုံ တွေ့ရှိရင် ချက်ချင်း ရပ်ရမယ်၊ ဥပဒေအရ အရေးယူမယ်ဆိုတဲ့ စာတွေကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကို ပို့ကြောင်း သူက ပြောပြပါတယ်။
အခုလို လမ်းလွှဲဖောက်လုပ်မဲ့ အစီအစဉ်ကြောင့် ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမှု နည်းပါးသွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ အနည်းငယ် စိတ်သက်သာရာ ရသွားကြတယ်လို့လည်း ဆိုပါတယ်။