ဆီဆိုင်မြို့နယ်မှာ သံအရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်း ပစ်ခတ်ခံရ
2023.05.08
[Updated: 9:45 pm]
စင်ကာပူနဲ့ အင်ဒိုနီးရှား သံအရာရှိတွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးစင်တာ (AHA Centre) ကတာဝန်ရှိသူတွေ လိုက်ပါလာတဲ့ယာဉ်တန်း မေလ ၇ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆီဆိုင်- ဆိုက်ခေါင် လမ်းပေါ်မှာ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့က RFA ကို ပြောပါတယ်။
အဲဒီယာဉ်တန်းမှာ ရန်ကုန်မြို့ စင်ကာပူသံရုံးက အရာရှိနှစ်ဦး၊ အင်ဒိုနီးရှားသံရုံးက အရာရှိနှစ်ဦး၊ AHA ရုံး တာဝန်ရှိသူ သုံးဦးနဲ့ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံး ဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဆီဆိုင်မြို့နယ်အခြေစိုက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆက်ဆံရေးရုံးမှာ စစ်ဘေးဒုက္ခသည်ကူညီရေးအတွက် ဆွေးနွေးဖို့သွားတဲ့အချိန် လမ်းမှာပစ်ခတ်ခံရလို့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခွင့်မရဘဲ လှည့်ပြန်သွားတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် လူတွေထိခိုက်တာမရှိဘူး၊ ဒါပေမဲ့ ကားမှန်တွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
အခင်းဖြစ်ခဲ့တဲ့ နေရာနားမှာ ဦးအောင်ခမ်းထီဦးဆောင်တဲ့ အပစ်ရပ် ပအိုဝ်းအမျိုးသားအဖွဲ့ PNO နဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်တွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီယာဉ်တန်းကို ဦးခွန်ဥက္ကာဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က လုပ်ဆောင်ခဲ့တာလို့၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ PNO စစ်ဘက်ရေးရာ အရာရှိတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။
“PNLO က ကျော်ထင် ဦးစီးတဲ့ ငါးယောက်အဖွဲ့က နားသြရွာမြောက်ဘက်က သရက်ပင်ကြီး အကွေ့ မှာ ပစ်ခတ်ခဲ့တာ။ သူတို့ ပစ်ပြီးထွက်ပြေးတော့ တပ်ကမိသွားပါပြီ။ ဖြစ်တာကတော့ ကျနော်တို့ PNO လှုပ်ရှားနယ်မြေပေါ့နော်၊ အဲဒီကိုသူတို့ကျူးကျော်ပြီးလာပစ်တာ။ ပြဿနာလည်း တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ သူတို့ဘာအကြောင်းကြောင့် ပစ်တယ်ဆိုတာတော့ ကျနော်လည်းမသိဘူး”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးခွန်ဥက္ကာရဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ပြောရေး ဆိုခွင့်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ပအိုဝ်းအမျိုးသားအဖွဲ့ PNO ဟာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့ ဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲ ရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
PNLO နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူ တိုင်းရင်းသား လက်နက်ကိုင် အရာရှိတစ်ဦးကတော့ ဒီပစ်ခတ်မှုကို PNLO က လုပ်ခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“PNLO က ဒုက္ခသည်ကူညီရေးကိစ္စအတွက် လုပ်နေတာရှိတယ်။ အခုလည်း အဲကိစ္စ အကောင် အထည်ဖော်ဖို့ နိုင်ငံခြားသံတမန်တွေနဲ့ အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူတွေကို ခေါ်ပြီးတွေ့ ပေးတာမျိုးလုပ်နေတာ။ အဲဒါကို PNLO ကပစ်တယ်ဆိုတာမဖြစ်နိုင်ပါဘူး”
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီ ပြန်ကြားရေးဌာနက ဒီနေ့ညပိုင်း သတင်းထုတ်ပြန်ရာမှာတော့… အာဆီယံ AHA Centre ကိုယ်စားလှယ်တွေ၊ အင်ဒိုနီးရှားနဲ့ စင်ကာပူသံရုံး ကိုယ်စားလှယ်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ဆီဆိုင်မြို့နယ်၊ နန့်အောရွာ မြောက်ဘက် မီတာ ၂၀၀ အကွာမှာ အသင့်စောင့်ဆိုင်းနေတဲ့ အကြမ်းဖက်သမားတွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီအကြမ်းဖက်သမားတွေ ဘယ်အဖွဲ့အစည်းက ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ စင်္ကာပူနဲ့ အင်ဒိုနီးရှားသံရုံးတွေကို RFA က တယ်လီဖုန်းနဲ့ရော အီးမေးလ်ကနေပါ ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားချက် မရသေးပါဘူး။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှု တွေရပ်ဖို့ တိုက်တွန်းတဲ့အကြောင်း ရိုက်တာသတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။ အဲဒီအပြင် တွေ့ဆုံဆွေးနွေးဖို့ကိုလဲ သူက တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ ဆီဆိုင်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ နိုင်ငံတကာ သံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှုမှာ PDF တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ NUG ရဲ့ သတင်းဌာနဖြစ်တဲ့ PV သတင်းဌာနကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာဖြစ်သလို ပြောက်ကျား စစ်တိုက်ခိုက်ဖို့လည်း အဆင်ပြေတဲ့ နေရာမျိုး မဟုတ်ပါဘူး၊ NUG ရဲ့ PDF တွေသာမက အခြားသော တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စဟာ ပထဝီအနေအထားနဲ့ သူတို့အဖွဲ့တွေ တပ်စွဲထားတဲ့ အနေအထားအရ မဖြစ်နိုင်ဘူးလို့ ဦးနိုင်ထူးအောင်က တုံ့ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ရှစ်ထောင်ကျော် ရှိနေတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မေလ ၆ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် တစ်သန်း ရှစ်သိန်းကျော် ရှိနေပြီး အဲဒီအထဲက တစ်သန်းခွဲဟာ စစ်တပ်အာဏာသိမ်းပြီးမှ အသစ်ဖြစ်လာတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။