စစ်တွေက ဘဏ်ဝန်ထမ်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ
2020.08.17
ရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်ပခရီးသွားရာဇဝင်မရှိသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သြဂုတ်လ ၁၆ မနေ့ညက ထုတ်ပြန်ပါတယ်။
အသက် ၂၆ နှစ်အရွယ် စစ်တွေမြို့ဒေသခံ ဘဏ်ဝန်ထမ်း အမျိုးသမီးဟာ သြဂုတ်လ ၁၂ ရက်နေ့မှာ နှာစေး၊ ဖျားနာပြီး အနံ့ခံအာရုံ ပျက်နေတဲ့အတွက် စစ်ဆေးရာကနေ ကူးစက်ခံရကြောင်း တွေ့ရှိတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးကဌာန လက်ထောက်ညွှန်ကြားရေမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို ပြောပါတယ်။\
အဲဒီ လူနာအမှတ် ၃၇၅ ကို စစ်တွေဆေးရုံမှာ ကုသပေးနေပါတယ်။
သူ့မိသားစု အပါအဝင် ၁၉ ဦးကို လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ထားပြီး သီးသန့်နေထိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အတည်ပြုလူနာ အလုပ်လုပ်ခဲ့တဲ့ CB ဘဏ်ခွဲကို ပိတ်ထားပြီး သူနဲ့ထိတွေ့ခဲ့တဲ့ ဘဏ်ဝန်ထမ်းတွေကိုလည်း အသွားအလာ ကန့်သတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
လူနာဟာ မကြာသေးခင်က ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းစတဲ့မြို့တွေကို သွားလာခဲ့တယ်လို့ သိရပါတယ်။