ဒုတိယအကြိမ် ပင်လုံညီလာခံအတွက် ပြင်ဆင်မှုတွေ စတင်
2011.05.29

၂၁ ရာစု ပင်လုံညီလာခံကို ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲ ကျင်းပဖို့ အခုလို စုဆောင်းနေတာလို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။
“ဒုတိယပင်လုံအတွက် ‘ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်’ ဆိုတဲ့ ခေါင်းစဉ်ပေးပြီးတော့ စာတမ်းတွေ ရေးခိုင်းထားတယ်၊ လူငယ်တွေ ပညာရှင်တွေနဲ့ ပြည်ပကိုပါပေ့ါ။ အဲဒါတွေ ရရင်တော့ စာတမ်းဖတ်ပွဲတခု လုပ်မယ်။ နိုင်ငံခြားသား ပညာရှင်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် တောင်းမယ်လို့ ပြောတယ်။ ပြည်တွင်းမှာတော့ သက်ဆိုင်ရာ နီးစပ်ရာ နီးစပ်ရာ ကမ်းလှမ်းတယ်။ တိုင်းရင်းသားတွေ ကိစ္စကတော့ ရခိုင်ဆိုရင်တော့ ကျနော်က တာဝန်ယူတာပေါ့။ ချင်း ဆိုရင်တော့ ပူကျင်ရှင်းထန် ကပေါ့။ ရှမ်း ဆိုရင်တော့ စိုင်းထွန်းအောင်တို့ ဘာတို့ ဒီလိုပေါ့ဗျာ”
စာတမ်း ပေးပို့ရမယ့် နောက်ဆုံးရက်ကိုတော့ မသတ်မှတ်ထားသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် လာမယ့် CRPP အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်မယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။
နိုင်ငံခြားသား ပညာရှင်တွေဆီက စာတမ်းကို မျှမျှတတရေးမယ့် ပုဂ္ဂိုလ်မျိုးတွေကို ကမ်းလှမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လူမျိုးမတူ၊ ဘာသာစကား မတူ၊ ယဉ်ကျေးမှု မတူတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှရေး တွေအတွက် ခေတ်နဲ့ ပိုပြီးလျှော်ညီမယ့် ပြည်ထောင်စုတခု တည်ဆောက်ဖို့ ဒုတိယ ပင်လုံညီလာခံတခု ကျင်းပနိုင်အောင် ပြင်ဆင်နေတာလို့လည်း သိရပါတယ်။