မျိုးစောင့်ဥပဒေတွေ မပြဌာန်းဖို့ လူမှုအဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို


2015.01.28
amyothar-hluttaw-305.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်
Photo: RFA

ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် မှာ ဆွေးနွေးနေတဲ့ မျိုးစောင့်ဥပဒေကြမ်း ၄ ခုကို မပြဌာန်းဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀၀ နီးပါးက ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်း ၄ ခုဟာ ဘာသာမတူညီသူတွေနဲ့ တိုင်းရင်းသားလူမျိုးတွေအကြား သွေးကွဲမှုတွေ ဖြစ် လာနိုင်တာကြောင့် အခုလိုကြေညာချက်ထုတ်တာဖြစ် တယ်လို့ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ Triangle Women အဖွဲ့က ဒါရိုက်တာ မခင်လေးက ပြောပါတယ်။

"ဒီဥပဒေက ဘယ်ဘာသာကို ရည်ညွှန်းတယ်ဆိုတာ ကျမတို့ ကောင်းကောင်းသိတယ်၊ ဒါပေမဲ့ အဲ့ဘာသာတစ်ခုတည်းကို သက်ရောက်မှာ မဟုတ်ဘူး၊ တခြားသော ဘာသာဝင်များအပေါ်မှာ ကျမတို့တိုင်းရင်းသား ဘာသာဝင်များအပေါ်မှာပါ သက်ရောက်မယ်၊ အဲဒီ့သက်ရောက်မှုသည် ကျမတို့ ငြိမ်ချမ်းရေးအတွက် အခုအချိန်မှာ အခုတော်တော်ကို ခက်ခက်ခဲခဲကြိုးစားနေရတဲ့ သမ္မတကြီးရဲ့လုပ်ရပ်ကို သွားပြီးတော့ ထိခိုက်စေမယ်၊ အဲ့ဒါကိုတော့ ကျမတို့ ထည့်သွင်းစဉ်းစားဖို့လိုမယ်၊ ဒီဥပဒေကြောင့် ကျမတို့ တိုင်းရင်းသား အချင်းချင်းကြားထဲမှာလည်း စိတ်ဝမ်းကွဲစေတယ်"

မျိုးစောင့်ဥပဒေကြမ်း ၄ ခုဟာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေတယ်လို့ လူမှုအဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အဲ့ဒီကြေညာချက်ကို နိုင်ငံတော်သမ္မတ၊ လွတ်တော်နှစ်ရပ်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့ လွှတ်တော်ရေးရာကော်မတီအသီးသီးထံ ပေးပို့ထားတယ်လို့ သိရပါတယ်။

အဲဒီဥပဒေကြမ်း ၄ ခုကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့က ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ထံ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်း ၄ခုကို ကန့်ကွက်ရတာနဲ့ ပတ်သက်လို့ Triangle Women Support Group က ဒါရိုက်တာ မခင်လေးကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

လွှတ်တော်ထဲမှာ စတင်ဆွေးနွေးနေပြီဖြစ်တဲ့ အမျိူးစောင့်ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဘရှိန်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။