ရန်ကုန်တိုင်းမြို့နယ်တွေ ည မထွက်ရ တားမြစ်မိန့် ထုတ်ပြန်
2020.04.18
ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ မြို့နယ်ကို ဧပြီလ ၁၈ ရက်နေ့က စတင်ပြီး ညမထွက်ရအမိန့် တိုင်းအစိုးရက ထုတ်ပြန်လိုက်ပြီး မြို့နယ် ခုနှစ်မြို့နယ်မှာလည်း အပြင်မထွက်ဘဲ နေအိမ်မှာနေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့ ၄၄ မြို့နယ်ကို ဒီနေ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဧပြီလ ၁၈ ရက် မနက် ၁၀ နာရီက ကျန်းမာရေးဝန်ကြီးဌာနကနေ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ လူနာ ၉၄ ဦး ရှိပြီဖြစ်ကာ ရန်ကုန်တိုင်းက ပိုးတွေ့လူနာ ၇၆ ယောက်နဲ့ အများဆုံး ရှိနေပါတယ်။
လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ချင်တဲ့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်တာလို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
“ကျွန်တော်တို့ ဒီ ၁၈ ရက်နေ့ကစပြီး အသက်ဝင်တာပါ။ ဆယ်နာရီကနေ မနက် လေးနာရီအထိပေါ့၊ ညမထွက်ရ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ ကိုကိုးကျွန်းတစ်ခုပဲ မပါတာပါ ကျန်တဲ့ ၄၄ မြို့နယ်လုံး ပါပါတယ်။ ဒါပေမဲ့ အရေးကြီးကိစ္စပေါ့ဗျာ ဥပမာ ကျန်းမာရေးလိုကိစ္စမျိုး အခြားကိစ္စမျိုးတွေ ရှိမှာပေါ့။ အဲလို အရေးကြီးကိစ္စတွေဆိုရင် အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုချက် ယူသွားလို့ရပါတယ်။ ကျွန်တော်တို့ အတင်းအကျပ် ကြီးတော့ မဟုတ်ဘူး။ ကျန်းမာရေးနဲ့ပတ်သက်လို့ ထိန်းချုပ်ချင်တဲ့ အနေအထား ရှိလို့သာ ကျွန်တော်တို့က ဒီလို လုပ်တာဖြစ်ပါတယ်။”
အချိန်ကာလ သတ်မှတ်ချက်ကတော့ နောက်ထပ်အမိန့် တစ်စုံတရာ မထုတ်ပြန်ခင်အထိ ဖြစ်ပြီး လိုက်နာမှုမရှိရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ အင်းစိန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာ စတဲ့ မြို့နယ် ခုနှစ်မြို့နယ်မှာ ရောဂါကူးစက် ပျံနှံ့မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ့်အိမ်မှာကိုယ် နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဗဟန်းမြို့နယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှု ထိန်းချုပ်နိုင်ရေးနဲ့ လုံခြုံရေးကိစ္စ အထူးဆောင်ရွက်ဖို့ တပိုင်းတစ ပိတ်ပင်တာ ဖြစ်တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။
“ဒီဧပြီလ ၁၈ ရက်နေ့မှာ Semi Lock Down စလုပ်ပါတယ်။ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Covid-19 ရောဂါ မပြန့်ပွားရေးရယ်၊ လုံခြုံရေးကိစ္စ အထူးဆောင်ရွက်ဖို့ အဲဒီ နှစ်ချက်နဲ့ ကျွန်တော်တို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဗဟန်းမြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်တွေနဲ့ လမ်းသွယ်တွေပေါ့ဗျာ၊ အများပြည်သူ သွားလာနေတဲ့ လမ်းမကြီးတွေမပါ၊ လမ်းသွယ်တွေကို ပိတ်မှာ ဖြစ်ပါတယ်”
အလားတူ ပန်းဘဲတန်းမြို့နယ်အတွင်းက နံပါတ်တပ်လမ်းတွေ အကုန်လုံးနီးပါး ပိတ်ထားလိုက်ပြီး ဗိုလ်ဆွန်ပက်လမ်းနဲ့ ကုန်ဈေးတန်းလမ်းတို့လို လမ်းမကြီးတွေတော့ မပါဘူးလို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။
“ဒီနေ့ ကျွန်တော်တို့ ပန်းဘဲတန်းမှာ နံပါတ်တပ်တဲ့လမ်း ကိန်းဂဏန်းတွေတပ်ထားတဲ့ လမ်းတွေ အကုန်လုံး Semi Lock Down ချလိုက်ပါတယ်။ ဗိုလ်ဆွန်ပက်လမ်းတို့ ကုန်ဈေးတန်းလမ်းတို့ ၂၆ လမ်းဈေးတော့ ကျန်ခဲ့ ပါတယ်ခင်ဗျ။ ရပ်ကွက်ထဲကို သူစိမ်းပေးမဝင်တော့ပါဘူး။ ဒါကလည်း ကျွန်တော်တို့ တိုင်းက လုပ်တဲ့ကိစ္စ မဟုတ်ဘူး။ နေပြည်တော်က ညွန်ကြားချက်နဲ့ လုပ်ရတာဖြစ်တဲ့ အတွက်ကြောင့်မို့ အဓိကကတော့ ကိုရိုနာဗိုင်း ရပ်စ်နဲ့ သေသွားတဲ့ လူနာတွေရှိတဲ့ မြို့နယ်အချို့ကို Semi Lock Down လုပ်လိုက်တယ်လို့ ကြားပါတယ်”
ပန်းဘဲတန်းမြို့နယ်မှာ ရပ်ကွက် ၁၁ ရပ်ကွက်ရှိပြီး ရပ်ကွက်နေပြည်သူတွေ လိုအပ်ချက်အရ ဝယ်ချင်တာတချို့ကို ရပ်မိရပ်ဖတွေနဲ့ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အတွင်း ဖွဲ့စည်းထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအဖွဲ့က ဆောင်ရွက်ပေးသွားမယ်လို့ ဦးသန်းနိုင်ဦးက ပြောပါတယ်။
အစိုးရဌာန အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံတွေ တာဝန်ထမ်းဆောင်နေသူတွေကလွဲပြီး အပြင်မထွက်ဖို့၊ တစ်အိမ်ကို တစ်ယောက်သာ ဈေးဝယ်ထွက်ဖို့၊ ဆေးရုံဆေးခန်းတွေ သွားဖို့ရှိပါက တစ်အိမ်ကို နှစ်ယောက်သာ သွားရောက်ဖို့၊ နေအိမ်ကနေ အပြင်ကိုထွက်ရင် နှာခေါင်းစီးတပ်ဖို့နဲ့ ဖြတ်သန်းခွင့်ပြုတဲ့ ယာဉ်တွေကိုသာ ဖြတ်သန်းခွင့် ပြုဖို့ ဒီအမိန့်ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
တခြား အရေးပေါ်ကိစ္စတွေနဲ့ ဈေးဝယ်ထွက်ဖို့၊ ဆေးရုံဆေးခန်းသွားဖို့ သတ်မှတ်ဦးရေထက် ပိုမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ သွားလာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အစိုးရဌာနအဖွဲ့အစည်း ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံတွေက တာဝန်ထမ်းဆောင်ပြီး ပြန်လာသူတွေလွဲပြီး ရပ်ကွက်ပြင်ပနဲ့ ရပ်ကွက်အတွင်းကသူတွေ ဝင်ထွက်ခွင့်မပြုဖို့နဲ့ အခု အမိန့်ကိုမလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ် အစိုးရအဖွဲ့က မြဝတီမြို့ ဒီနေ့က စတင်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သလို ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာလည်း အခုလို ညမထွက်ရ တားမြစ်အမိန့်တွေ ထုတ်ပြန်ထားပါတယ်။