ဒဂုံ ၄ မြို့နယ်မှာ ကုမ္ပဏီ ၁၆ ခုက လယ်ဧက တစ်သောင်းကျော်သိမ်း
2013.06.19
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ၄ မြို့နယ်မှာ ကုမ္ပဏီတွေနဲ့စစ်တပ်က လယ်ဧက တစ်သောင်းကျော် သိမ်းယူထားတဲ့အတွက် လယ်သမားတွေအနေနဲ့ လယ်လုပ်ဖို့လည်း မှတ်ပုံတင်ခွင့်မရ၊ ထိုက်သင့်တဲ့လျော်ကြေးလည်းမရဘဲ အခက်တွေ့နေကြတယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့လယ်သမားအရေးဆောင်ရွက်နေတဲ့ ဒေါ်ဖြူဖြူအေးက RFA ကို အခုလိုပြောပါတယ်။
"ဒဂုံရှေ့၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံဆိပ်ကမ်းက အသိမ်းခံအလယ်သမားတွေ လျော်ကြေးလည်းမရဘဲနဲ့ မြေလည်းလုပ်ပိုင်ခွင့်မရှိဘူး။ဧက တစ်သောင်းကျော်တယ်၊ ကုမ္မဏီပေါင်း ၁၆ ခုရှိတယ်၊ ၂၀၀၉ ခုနှစ်က စသိမ်းတယ်၊ အကျိုးတူပူပေါင်းတယ်၊ လယ်သမားတွေ ဆိုက်ကားနင်းတော့လည်း လိုင်စင်မဲ့ ဆိုက်ကားတွေဆိုတော့ ဖမ်းတယ်"
လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာမြေပြဿနာစုံစမ်းရေးကော်မရှင်က အဲဒီသိမ်းယူခံထားရတဲ့ လယ်မြေနေရာတွေကို ကွင်းဆင်းကြည့်ရှုသွားခဲ့ပေမဲ့ ပြေလည်အောင် မဖြေရှင်းနိုင်သေးဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် လယ်သမားတွေအနေနဲ့စုပေါင်းလက်မှတ်ထိုးပြီး မကြာခင်ရက်ပိုင်းမှာ သက်ဆိုင်ရာကိုတင်ပြဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။
လယ်သမားအရေးဆောင်ရွက်နေတဲ့ ဒေါ်ဖြူဖြူအေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။