ဘာသာရေးအကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ ဒလိုင်းလားမား ထပ်မံ ပန်ကြား
2014.07.06

မြန်မာနဲ့ သီရိလင်္ကာနိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မွတ်စလင်တွေအပေါ် အကြမ်းဖက်တာတွေ ရပ်တန့်ကြဖို့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား က မနေ့က ထပ်မံပန်ကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့ အသက် ၇၉ နှစ်ပြည့်မွေးနေ့ ပွဲမှာ တက်ရောက်လာသူ ထောင်နဲ့ချီတဲ့ လူထုပရိသတ် ကို ဟောပြောစဉ်အတွင်း ထည့်သွင်းပန်ကြားခဲ့တာပါ။
အကြမ်းဖက်မှုတွေ မကျူးလွန်ခင်မှာ ဗုဒ္ဓရှင်တော် ရဲ့ ပုံတော်ကို အာရုံပြုကြည့်ဖို့ ဗုဒ္ဓဘာသာဝင်တွေကို တိုက်တွန်းလိုပါတယ်၊ မေတ္တာနဲ့ ကရုဏာတရား ကို ဟောကြားခဲ့တဲ့ ဗုဒ္ဓရှင်တော်သာ ဒီကနေ့ ရှိနေမယ်ဆိုရင် အဲဒီနိုင်ငံတွေက မွတ်စလင်တွေကို အကာအကွယ်ပေးမှာ ဖြစ်ပါတယ်လို့ ပြောကြား ခဲ့ပါတယ်။
ဒလိုင်းလားမား ရဲ့မွေးနေ့ပွဲကို ဟောလိဝုဒ် ရုပ်ရှင် သရုပ်ဆောင် ဗုဒ္ဓဘာသာဝင် ရစ်ချတ်ဂယ်ရီလည်း တက်ရောက်ခဲ့ပါတယ်။
ဒီအတွင်း JUST လို့အတိုကောက်ခေါ်တဲ့ တရားမျှတတဲ့ကမ္ဘာ နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာချန်ဒရာ မူဇာဖါကလည်း အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံက ဘာသာလူမျိုး ပဋိပက္ခတွေ ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်း ရှာသင့်ပြီလို့ ပြောကြားပါတယ်။
အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်မစွက်ရဆိုတဲ့ မူဝါဒရှိနေပေမဲ့၊ တရားမျှတရေး၊ လူသား ဆန်ရေး စတဲ့ကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ ဒီမူကို ဘေးဖယ်ထားသင့်ကြောင်း၊ နိုင်ငံတွေရဲ့ အချုပ်အခြာ ကို လေးစားအသိအမှတ်ပြုကြောင်း ပြသနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိရမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့သမျှ ဘာသာလူမျိုး ပဋိပက္ခတွေဟာ ရွေးကောက်ပွဲစတဲ့ နိုင်ငံရေး အကြပ်အ တည်းတွေနဲ့ တိုက်ဆိုင်နေတာတွေ့ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။