အမေရိကန်သတင်းထောက်ကို ထောင်ဒဏ်ချမှတ်တဲ့အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
သတင်းထောက် ဒန်နီ ဖန်းစတား ဟာ အာဏာသိမ်း စစ်ကောင်စီက စီမံဆုံးဖြတ်တဲ့ တရားရုံးကနေ တရားမျှတမှု မရှိတဲ့ တံခါးပိတ် ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့တာ ဖြစ်ကြောင်းနဲ့ အခုလို ပြင်းထန်တဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းပြီးကတည်းက စစ်တပ်ဟာ သတင်းသမားတွေကို စဉ်ဆက်မပြတ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေခံနေရတဲ့ မြန်မာ သတင်းသမားတွေရဲ့ အခြေအနေကို ထင်ဟပ် ပြသနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘက်ချလက်က နိုဝင်ဘာလ ၁၂ရက်နေ့ မနေ့က ကြေငြာချက်ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင်တွေဟာ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေ စလုပ်ခဲ့ပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အင်အားစုအားလုံးကို ဖိနှိပ်ဖို့ ကြိုးပမ်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံအနှံ့မှာ ကျူးလွန်ခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ အရင် စစ်အစိုးရတွေ လက်အောက်မှာ ကြုံခဲ့ရတဲ့ သတင်းအချက်အလက် ထိန်းချုပ်မှုတွေ၊ ဆင်ဆာဖြတ်တောက်မှုတွေနဲ့ ဝါဒဖြန့်ချီမှုတွေ ပြည့်နေတဲ့ အခြေအနေကို ပြန်ရောက်နေပါပြီ လို့ မီရှဲဘက်ချလက်က ပြောပါတယ်။
သတင်းသမားတွေနဲ့ မီဒီယာတွေကို ဖိနှိပ်ဖြိုခွဲမှုတွေ၊ အင်တာနက် ဖြတ်တောက်မှုတွေနဲ့ လွတ်လပ်စွာ အင်တာနက် အသုံးပြုခွင့်ကို ပိတ်ပင်တာတွေကြောင့် ပြည်သူတွေအတွက် အလွန်အရေးကြီးတဲ့ သတင်းအချက်အလက်တွေ မရနိုင်ကြောင်းနဲ့ စစ်အာဏာပိုင်တွေ အနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုကြောင်း မီရှဲလ် ဘက်ချလက်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို ဒီနေ့ ထောင် ၁၁ နှစ်ချလိုက်တာဟာ မြန်မာစစ် ဗိုလ်ချုပ်ကြီးတွေက သူတို့အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မလိုလားဘူး ဆိုတဲ့အကြောင်း အမေရိကန်ကို အချက်ပေးပြသလိုက်တာဖြစ်သလို၊ သူတို့ဘက်ကလည်း ပြန်ပြီးတုံ့ပြန်အရေးယူနိုင်တယ် ဆိုတာမျိုး ဓားစာခံ သံတမန်နည်းနဲ့ ပြသလိုက်တာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြီး ပြောလိုက်ပါတယ်။
ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကလည်း၊ ဒန်နီဖန်းစတားကို မြန်မာစစ်ခေါင်းဆောင်တွေက ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်တာဟာ အနှစ်နှစ်ဆယ်အတွင်း သတင်းထောက် တစ်ယောက်ကို ထောင်ချတဲ့နှုန်း အများဆုံးဖြစ်နေသလို အထူးတုန်လှုပ်မိတယ်လို့ ပြောပါတယ်။ အထူးသဖြင့် သူ့ကို အခုလို ထောင်ချလိုက်တာဟာ မြန်မာစစ်ခေါင်းဆောင်တွေက အမေရိကန်နဲ့ အပေးအယူလုပ်လိုတဲ့ သဘောလည်းဖြစ်နိုင်တယ်လို့ သူ့အနေနဲ့ ထင်မြင်ယူဆတဲ့အကြောင်း RSF အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာတာဝန်ခံ Daniel Bastard က RFA ကို ပြောပါတယ်။
ဒန်နီဖန်းစတားကို တရားရုံးမှာ စစ်ဆေးစီရင်တဲ့လုပ်ရပ်ဟာ စစ်ကောင်စီ အလိုကျ ဆောင်ရွက်နေတဲ့ အတုအယောင် တရားစီရင်ရေးသာ ဖြစ်တယ်။ ဒန်နီဟာ ဘယ်လို ရာဇဝတ်မှုကိုမှ မကျူးလွန်ထားဘူး။ ဒါကြောင့် အယောင်ဆောင် တရားစီရင်ထားတာကို ရုပ်သိမ်းပြီး ဒန်နီဖန်းစတားကို ချက်ချင်းပြန်လွှတ်ဖို့နဲ့ သူအိမ်ပြန်ချင်ရင် ပြန်ခွင့်ပေးသင့်တယ်လို့လည်း HRW ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလုပ်ရပ်ဟာ မြန်မာပြည်တွင်းမှာရှိတဲ့ သတင်းထောက်တွေအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားအောင် ခြိမ်းခြောက်လိုက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီက သတင်းထောက်တွေကို ဖမ်းနေတာ၊ မီဒီယာတွေကို ဖိနှိပ်နေတာတွေကိုရပ်ဖို့၊ HRW အနေနဲ့ ဖန်းစတားနဲ့အတူ သွေးစည်းညီညွတ်ပြီး ရပ်တည်နေတယ်လို့ ပြောဆိုလိုက်သလို၊ ဖန်းစတားနဲ့အတူ ဖမ်းထားတဲ့သတင်းထောက်တွေကို အမြန်ဆုံးပြန်လွှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒန်နီဖန်းစတား အလုပ်လုပ်ခဲ့တဲ့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် Thomas Kean ကလည်း၊ ဒန်နီဖန်းစတားကို အခုလို အမိန့်ချလိုက်တဲ့အပေါ် သူတို့ဌာနက လူတွေအားလုံး စိတ်မကောင်း ဖြစ်ရတဲ့အကြောင်းနဲ့ သူ့ကိုအမြန်ဆုံး ပြန်လွှတ်ပြီး အိမ်ပြန်ခွင့်ပေးတာကို တွေ့မြင်ချင်တဲ့အကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
အလားတူ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း၊ ဒန်နီကို အခုလို ထောင်ချလိုက်တဲ့အပေါ် ပြစ်တင်ရှုတ်ချလိုက်ပြီး၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒန်နီဖန်းစတားကို အမှုပေါင်းများစွာနဲ့ စွဲချက်တင်ပြီး အခုလို ထောင်ချလိုက်တာဟာ သူလုပ်ခဲ့လုပ်ရပ်နဲ့ ခံရတဲ့ပြစ်ဒဏ် ဘယ်လိုမှ မသက်ဆိုင်ဘူးလို့လည်း AI အဖွဲ့က ပြောပါတယ်။ အဲဒီအပြင် ဒန်နီဖန်းစတား အလုပ်လုပ်ခဲ့တဲ့ သတင်းဌာနတွေနဲ့ ပတ်သက်လို့ တရားရုံးတင်ပြချက်တွေကိုလည်း တရားသူကြီးက လျစ်လျူရှုခဲ့တယ်လို့ ထောက်ပြပါတယ်။
ဒန်နီဖန်းစတားကို မြန်မာနောင်း သတင်းဌာမှာ အလုပ်လုပ်ခဲ့တာနဲ့ပ တ်သက်လို့ စစ်ကောင်စီလက် အောက်ခံတရားရုံးက တရားစွဲခဲ့တာပါ။ ဒါပေမဲ့ ဒန်နီဟာ မြန်မာနောင်းသတင်းဌာကနေ ၂၀၂၀ နှစ် ဇူလိုင်လကတည်းက နုတ်ထွက်ထားပြီး Frontier Myanmar သတင်းဌာနမှာ အလုပ်လုပ်နေခဲ့တာ ဖြစ်တဲ့အတွက် အဲဒီအချက်တရားရုံးကို တင်ပြပေမယ့် တရားသူကြီးက လက်မခံခဲ့တာလို့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် Thomas Kean က ABC သတင်းဌာနမှာ ပြောထားပါတယ်။
Myanmar Now သတင်းဌာနရဲ့အယ်ဒီတာချုပ် ကိုဆွေဝင်းကလည်း၊ စစ်တပ် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း သူတို့သတင်းဌာနက ဖမ်းဆီးမယ့်သူတွေ စာရင်းမှာ ဒန်နီဖန်းစတား နာမည်ထည့်ထားတာ တွေ့ခဲ့ရတဲ့အကြောင်းနဲ့ ဒန်နီဟာ စစ်အာဏာ မသိမ်းခင်နှစ်ကတည်းက မြန်မာနောင်းနဲ့အလုပ်မလုပ်တော့တာဖြစ်တဲ့အကြောင်း RFA ကို ပြောပါတယ်။