မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေး ကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


2013.04.18
dassk-jp-pm-305.jpg ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး(Shinzo Abe)တို့ဧပြီလ ၁၈ ရက်နေ့က ဝန်ကြီးချုပ်ရုံးခန်းမှာ တွေ့ဆုံကြစဉ်
photo: AFP

သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ တိကျတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာ မတွေ့ရသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။

မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က ပြန်လည်ဖြေကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာက ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး” လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်နှစ်ရပ်စလုံးဟာ သူထင်ထားတာထက် ဒီမိုကရေစီနည်းလမ်းပိုကျကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောဆိုခဲ့ပါတယ်။ မိမိထင်ထားတာထက် ပိုအောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့အတွက် အံ့အားသင့်ရပါတယ်လို့လည်းပြောပါတယ်။ အဲဒီလိုလွှတ်တော်အတွင်း အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ကျေးဇူးတင်ကြောင်း အထူးအလေးထား ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရှိမရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးသင့်ကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။

ဂျပန်သတင်းထောက်အသင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားချက်တွေထဲက ကောက်နှုတ်ပြီး RFA အဖွဲ့သား ကိုဝင်းနိုင် တင်ပြထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။