ကာချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ တွေ့ဆုံတယ်လို့ သတင်းထွက်
2017.02.10

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအတွင်းမှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းရာမှာ အဲဒီလိုသတင်းတွေ ထွက်နေတာနဲ့ ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြုပြောဖို့ ငြင်းဆိုပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရုတ်တရက်တွေ့ဆုံတာဖြစ်တယ်လို့လည်း သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။
ဒီသတင်းထွက်နေတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို မေးမြန်းရာမှာ ဒီကိစ္စအပေါ် တစ်စုံတရာပြောဆိုတာ မရှိပါဘူး။
အစိုးရသစ်တက်လာပြီး ၁၀ လကျော်ကြာတဲ့အချိန်အထိ ကာလုံအစည်းအဝေးကို ခုချိန်အထိ ခေါ်ယူတာမျိုး မရှိသေးတဲ့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ပါတီ ၁၀ ခုကျော်တို့ကလည်း လက်ရှိ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ကာလုံအစည်းအဝေး ခေါ်ယူပေးဖို့အတွက် တိုက်တွန်း ထားတာတွေလည်း ရှိနေပါတယ်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီးတွေ အပါအဝင် စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။