တိုက်ခိုက်နိုင်တဲ့ အရည်အချင်းကို မပြိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြော
2016.10.15

တိုက်ခိုက်နိုင်တဲ့အရည်အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်မယ့် အင်အားကို ပြိုင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်က MICC ခန်းမမှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးခြင်း တစ်နှစ်ပြည့်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။
"အဲ့တော့ ကျမပြောချင်တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးဟာ ဘယ်သူတွေက သဘောထား ပိုကြီးနိုင်သလဲ၊ ဘယ်သူတွေက ပိုပြီးတော့ခွင့်လွှတ် သည်းခံနိုင်လဲ၊ ဘယ်သူတွေက ပိုပြီးတော့နိုင်ငံရဲ့အနာဂတ်ကို အဓိပ္ပါယ်ပိုပြီးတော့ တန်ဖိုးထားနိုင်လဲ ဆိုတာကိုပဲ ပြိုင်ကြပါလို့ ပြောချင်ပါတယ်၊ တိုက်ခြင်း၊ ခိုတ်ခြင်း၊ တိုက်နိုင်ခြင်းကိုပြိုင်မယ့်အစား မီးငြိမ်းအောင် လုပ်နိုင်မယ့် အင်အားကိုပြိုင်ကြပါလို့ ပြောချင်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ NCA စာချုပ် ထွက်ပေါ်လာအောင် ကြိုးစားပေးခဲ့တဲ့ အရင်သမ္မတ ဦးသိန်းစိန်နဲ့ ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ နောက်ထပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတာကို ဝမ်းနည်းကြောင်းနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကို ပြည်သူတွေ က စောင့်ကြည့်နေကြတဲ့အတွက် ငြိမ်းချမ်းရေးကို ဘယ်သူတွေက လိုလားပြီး ဘယ်သူတွေက မလိုလားဘူးဆိုတာ ကို မကြာခင်မှာ တွေ့ရမှာဖြစ်ကြောင်း ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ လျှောက်လှမ်းဖို့နဲ့ NCA စာချုပ်ကို ကျော် လွန်ပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲတွေသွားဖို့ ကြိုးစားတာ မသင့်တော်ဘူးလို့ အခမ်းအနားမှာ ပြောပါတယ်။
"ဒီ NCA စာချုပ်ဟာ အစိုးရတစ်ရပ်တည်း သဘောထားအမြင်၊ တပ်မတော်ရဲ့သဘောထားအမြင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့သဘောထားအမြင်မဟုတ်ပဲနဲ့ NCA စာချုပ်တည်းမှာ ပါဝင်တဲ့သဘောတူညီချက်အားလုံးဟာ တိုင်းရင်းသားလက်နက်ကိုင်များရဲ့တင်ပြချက်မှာ အခြေခံ ပြီး နိုင်ငံတော်ဘက်က ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ NCA ကိုလက်မှတ်ရေးထိုးခြင်းမရှိပဲနဲ့ NCA စာချုပ်ပါ ကိစ္စရပ်တွေကို ကျော်လွန်ပြီး အမျိုးသားအဆင့်ဆွေးနွေးပွဲတွေကို သွားဖို့ကြိုးစားနေခြင်း ဟာလည်း မသင့်တော်ပါဘူး"
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခမီးတွေ တောက်လောင်နေကြောင်း နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် သတ္တိရှိရှိနဲ့ ဥပဒေဘောင်ထဲကနေ တာဝန်ရှိတဲ့အတိုင်း ဆောင်ရွက်သွားမယ် လည်း ပြောခဲ့ပါတယ်။
အရင်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွ့ဲဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖဲ့ွနဲ့ NCA စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဒီနေ့ တစ်နှစ်ပြည့်အခမ်းအနားကို သမ္မတဟောင်း ဦးသိန်းစိန်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် မတက်ရောက်ခဲ့ပါဘူး။ အခမ်းအနားကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။