မိတ္ထီလာမှာ တရားဥပဒေ စိုးမိုးရေး ရှိဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2013.03.21

မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မှာ မနေ့ကစတင်ဖြစ်ခဲ့တဲ့ အဓိကရုဏ်းမှာ သံဃာတစ်ပါးအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။
မနေ့မနက်ပိုင်းက မိတ္တီလာမြို့က မူဆလင် မိသားစုပိုင် နယူးဝိန့်စိန် ရွှေဆိုင်မှာ ရွာသားမိသားစု ရွှေဆံညှပ်တစ်ခု သွားရောင်းရာမှာ အရောင်းအဝယ်လုပ်ရင်း စကားများကြရာက ရွှေရောင်းသူ မိသားစုအရိုက်ခံရပြီး ပဋိပက္ခစတင်ဖြစ်ခဲ့တာပါ။ နောက်ပိုင်း အဓိကရုဏ်းကြောင့် မနေ့က ရဟန်းတော်တစ်ပါးနဲ့ မြို့ခံတစ်ဦး သေဆုံးခဲ့ပါတယ်။ မနေ့ကတော့ နေအိမ်တွေ ဗလီတွေ မီးရှို့ခံရတာတွေရှိတယ်လို့သိရပါတယ်။
တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာနဲ့အတူ ထိထိရောက်ရောက် အရေးယူဖို့ မိတ္ထီလာမြို့ကိုရောက်နေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်ထံ ပြောထားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
ဒီနေ့မှာလည်း အပြန်အလှန် လူအုပ်နဲ့ ဝိုင်းရိုက်တာတွေ ဆက်လက်ဖြစ်နေပြီး အခြေအနေဟာ မတည်ငြိမ်သေးပဲ ဒီနေ့မှာတင် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ မိတ္တီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကို ပြောပါတယ်။
မိတ္ထီလာမြို့မှာ မနေ့ညပိုင်းကစပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ မနေ့ကနဲ့ ဒီနေ့ဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုဟာ အားရစရာမရှိသလို အခုလို အခြေအနေမျိုးကို ထိမ်းသိန်းနိုင်တဲ့ အတွေ့အကြုံမရှိသလို တွေ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် တစ်ချို့နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေရှိနေတဲ့ကြားက ဝင်ရောက်ရိုက်နှက်တာတွေရှိတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
မိတ္တီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။