နိုင်ငံတိုးတက်အောင်လုပ်ပြီး အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုကြဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း


2013.07.19
dassk-martyrs-day-305.jpg ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ အာဇာနည်ဗိမာန်ကို လာရောက်ဂါရဝပြုသော ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
photo: RFA/ Sai Tun Aung Lwin

နိုင်ငံကိုတည်ငြိမ်အေးချမ်းအောင် ကူညီဆောင် ရွက်ပေးတာဟာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေ ကို ကျေးဇူးဆပ်ရာရောက်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ကျရောက်တဲ့ အာဇာနည်နေ့မှာ လူငယ်တွေကို အဓိကထား မှာကြားလိုက်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပရာမှာ ရုံးချုပ်ရှေ့မှာ စောင့် ဆိုင်းနေကြတဲ့ လူငယ်တွေနဲ့ ပြည်သူတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

"လူငယ်တွေဆိုတာ နိုင်ငံ့ရဲ့အနာဂတ်ပဲ၊ လူငယ်တွေဆိုတာ တော်ဖို့လိုတယ်၊ တော်ဖို့ လိုတယ်ဆိုတာက စာတော်တာတင်ပြောတာ မဟုတ်ပါဘူး၊ အဓိကအားဖြင့် တော်တယ်ဆိုတာက မှန်ကန်တဲ့စိတ်ထားတတ်တာကို ပြောတာပါ၊ ကျမလူငယ်တွေကို ဆက်ပြီးတော့ ကြိုးစားကြပါလို့ တိုက်တွန်းချင်တယ်၊၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိရမယ်၊ ကိုယ့်ကိုကိုယ်တစ်နေ့ထက် တစ်နေ့ ပြုပြင်သွားချင်တဲ့စိတ်ဓာတ်ရှိရမယ်၊ အားလုံးဟာ ကိုယ့်အတွက်ကိုယ်တာဝန်ယူရမယ်၊ ကိုယ့်လုပ်ရပ်တွေအတွက် ကိုယ်တာဝန်ယူရတယ်၊ ကိုယ့်နိုင်ငံအတွက် ကိုယ်တာဝန်ယူရမယ်၊ ကျမတို့ရဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကို ကျေးဇူးတင်သင့်ဆိုရင် အကောင်းဆုံးကျေးဇူးတင် တဲ့နည်းကတော့ ဒီနိုင်ငံအေးချမ်းအောင်လို့၊ ဒီနိုင်ငံတည်ငြိမ်အောင်လို့၊ ဒီနိုင်ငံတိုးတက်အောင်လို့၊ ဒီနိုင်ငံဟာအားလုံးအတွက် ခိုလှုံရာ၊ လွတ်လပ်ရာ၊ လုံခြုံရာဖြစ်အောင်လို့ ဝိုင်းပြီးတော့ လုပ်ပေးကြပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်"

ဒါ့အပြင် အာဇာနည်နေ့ကို မမေ့မလျော့ဘဲ အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ခေါင်းဆောင်ကောင်းတွေ ကို တန်ဖိုးထားခြင်းဟာ မိမိတို့ကိုယ်တိုင်လည်း တစ်နေ့မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေ ရှိမှာဖြစ်တယ်လို့ အားပေးစကားလည်း ပြောကြားခဲ့ပါတယ်။

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ တက်ရောက်အမှာစကား ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့မိန့်ခွန်းကို RFA သတင်းထောက် မဇင်မာင်းက ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။