ပြတ်ပြတ်သားသား ရပ်တည်မဲပေး ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2015.08.30

လာမယ့်ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုအကောင်အထည်ဖေါ်ပေးမလဲဆိုတာ အခုအချိန်မှာ စိုးရိမ်မနေ ကြဘဲ ပြတ်ပြတ်သားသား ရပ်တည်မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာမှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒေသခံ တစ်ဦးက ရွေးကောက်ပွဲပြီးရင် ၁၉၉၀ တုန်းကလို ထိန်းသိမ်း တာတွေ ဖြစ်လာဦးမလားလို့ မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ဒီဟာတွေကို စဉ်းစားပြီးပြီဆိုရင် အရေးကြီးတာ ပြည်သူဟာ တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ပြတ်ပြတ် သားသားနဲ့ ကိုယ်မဲပေးတဲ့ပါတီဘက်ကရပ်တည်မယ် ဆိုတာ ရှင်းလင်းအောင်လုပ်ဖို့ဘဲအရေးကြီးပါတယ်၊ မဲထည့်ပြီးတော့ ဒီမဲလိပ်ကြောင့် ဖြစ်ပေါ် လာတဲ့ရလာဒ်ကို မလေးစားတဲ့သူတွေဟာပြည်သူကိုစော်ကား ရာရောက်ပါတယ်၊ ဒါကြောင့်မို့လို့ဒါတွေကို သိပ်ပြီးတော့မစိုးရိမ်ပါနဲ့ တကမ္ဘာလုံးကကြည့်နေပါတယ်၊ တကမ္ဘာလုံးက မြန်မာနိုင်ငံရဲ့၂၀၁၅ ရွေးကောက်ပွဲဟာ ဘယ်လောက်တရားမျှတမလဲ၊ အခုထဲကစပြီးနည်း နည်းမမျှတတာလေးတွေတော့ရှိတယ်နော်"
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က ဥတ္တရသီရိ၊ ဇဗ္ဗူသီရိနဲ့ ဒက္ခိဏသီရိ မြို့နယ်တွေက နေရာ ၅ နေရာမှာ မဲဆန္ဒပညာပေးဟောပြောပွဲတွေ ကျင်းပခဲ့ တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သပြေကုန်းရပ်ကွက်ကို ရောက်ရှိစဉ်မှာ ဇမ္ဗူသီရိလူငယ်အဖွဲ့ဆိုတဲ့ လူ ၂၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။ "ရိုဟင်ဂျာကို ထောက်ခံတဲ့ အန်အယ်လ်ပါတီ အလိုမရှိ" ၊ "အမျိုးကို ချစ်လျှင် လူလိုသိပါ" စတဲ့ ပိုစတာတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်က မှာ မဲဆန္ဒအသိပညာပေးဟောပြောပွဲတွေ နဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုဝင်းနောင်တိုးတို့ ပေးပို့တဲ့ သတင်းပေးပို့ချက်ကို မဇာဏီထွဏ်း က တင်ဆက်ထားပါတယ်။