ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေး စစ်ကောင်စီကိုဖိအားပေးဖို့ AAPP တောင်းဆို
2025.01.01

ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက်ဖိအားပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဇန်နဝါရီ ၁ ရက်နေ့ က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
သံတိုင်နောက်က ဘဝများဆိုတဲ့အမည်နဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၇၉၁ ဦး ရှိကြောင်း၊ ရဲစခန်းတွေမှာ သေဆုံးသူ ၁၂ ဦးရှိပြီး စစ်ကြောရေးမှာ သေဆုံးသူ ၁၅ ဦး၊ အကျဉ်းထောင်တွင်းမှာ သေဆုံးသူ ၃၁ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ရဲစခန်းတွေ၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ နည်းမျိုးစုံးသုံး ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားဝင်ဖြစ်ခွင့် ဘယ်နည်းနဲ့မှ မပေးဖို့နဲ့ သူတို့ရဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ခြင်းတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာရေး ဝိုင်းဝန်းကြိုးပမ်းကူညီဖို့လည်း AAPP က တိုက်တွန်းထားပါတယ်။