ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လှူဒါန်းမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဒီကနေ့ကျရောက်တဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေတရပ် စတင်ထူထောင်လိုက်ပြီး၊ ဒီရန်ပုံငွေထဲက ကျပ် သိန်း ၃၀၀ ကို ကော့မှူးမြို့နယ်က ကျေးရွာတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် မနက်ဖြန် သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

2012.04.16
assk-family-b305 အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်မိသားစု ဓာတ်ပုံဖြစ်ပါသည်။
Photo courtesy of ဗိုလ်ချုပ်ပြတိုက် မော်ကွန်းဓာတ်ပုံ

ကော့မှူးမြို့နယ်တွင်း ကျေးရွာအုပ်စုတွေထဲက ရွာ ၃ ရွာကို ကံစမ်းမဲဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းမှာဖြစ်ကြောင်း လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ပြောကြားပါတယ်။

ကံစမ်းမဲ ၃ ဆု ရွေးချယ်မှာဖြစ်ပြီး ပထမဆုအနေနဲ့ ကျပ် ၁၇၅ သိန်း၊ ဒုတိယ ၇၅ သိန်း၊ တတိယဆုအဖြစ် သိန်း ၅၀ ပေးအပ်မှာဖြစ်ပါတယ်။ ကံစမ်းမဲပေါက်တဲ့ ကျေးရွာတွေက ပြည်သူတွေကို အစည်းအဝေးခေါ်ယူပြီး ကျေးရွာရဲ့ လိုအပ်ချက်တွေကို တစ်ခါထဲ ဆုံးဖြတ်ချက်ချ စီစဉ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း လိုက်ပါကူညီခဲ့တဲ့ ရုပ်ရှင် ဂီတ အနုပညာရှင်တွေကလည်း မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါလာပြီး ကံစမ်းမဲ ဖောက်ပေးမှာဖြစ်သလို ကော့မှူးမြို့မှာ ဖျော်ဖြေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ပြည်သူလူထုရဲ့ လူမှုရေး စီးပွားရေးတွေကို အထောက်အကူပြုရေး ရည်ရွယ်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သိန်းတစ်ရာ မတည်ပြီး ဖွဲ့စည်းဆောင်ရွက်တာဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းကနေ အထောက်အပံ့ပေးရေး အစီအစဉ်ကို ပထမဆုံး ကော့မှူးမြို့နယ်မှာ စတင်တာဖြစ်ပြီး တစ်ပြည်လုံးမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။